အီရန် – မြန်မာအကြား ဆက်ဆံရေးပိုတိုးမြှင့်ရန် အီရန်နိုင်ငံခြားရေးဝန်ကြီးနှင့် ဦးသန်းဆွေတို့ တွေ့ဆုံဆွေးနွေး

0
124

နိုင်ငံတော်ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေသည် ယမန်နေ့ (ဇွန်၂၃) က အီရန်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာအလီဘာဂယ်ရီကာနီနှင့် သီးခြားတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေသည် အီရန်နိုင်ငံ၊ တီဟီရန်မြို့၌ ကျင်းပမည့် (၁၉)ကြိမ်မြောက် အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲ (အေစီဒီ) သို့ တက်ရောက်ရန်ရောက်ရှိနေစဉ် ထိုကဲ့သို့ တွေ့ဆုံဆွေးနွေးခြင်း ဖြစ်သည်။

ထိုသို့တွေ့ဆုံစဉ် နိုင်ငံခြားရေးဝန်ကြီးသည် နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ထည့်သွင်းရှင်းလင်း ပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် မြန်မာ-အီရန် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက် ခိုင်မာစေရေး၊ အေစီဒီအဖွဲ့တွင်း ပူးပေါင်းဆောင်ရွက်မှုများ အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် အီရန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာနတို့မှ အဆင့်မြင့်အရာရှိကြီးများ ပါဝင်တက်ရောက်ခဲ့သလို အေစီဒီ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမတိုင်မီ အေစီဒီ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို ဇွန်လ(၂၃)ရက်က တီဟီရန်မြို့၌ ကျင်းပခဲ့ရာ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန်းထွေး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။

ထိုနည်းတူ ဇွန်(၂၄)ရက်၌ စတင်ကျင်းပမည့် အစည်းအဝေးတွင် အာရှစီးပွါးရေးထိပ်သီးနိုင်ငံများဖြစ်သည့် တရုတ်၊ ရုရှား၊ ဂျပန်၊ တောင်ကိုရီးယားနိုင်ငံများက အဆင့်မြင့်အရာရှိများအပြင် အာဆီယံနိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများလည်း တက်ရောက်ရန် ရှိနေခြင်း ဖြစ်သည်။

(၁၉) ကြိမ်မြောက်ဖြစ်သည့် ထိုအေစီဒီ ဆွေးနွေးပွဲ၌ ဒစ်ဂျစ်တယ်နည်းပညာ၊ ခရီးသွားလုပ်ငန်း၊ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို အဓိကထားဆွေးနွေးကြမည်ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here