ရန်ကုန်တွင် သက်သာသော ဈေးနှုန်းဖြင့် ဆန်များစတင်ရောင်းချပေး

0
324

ယနေ့ ဇွန်လ (၂၄) ရက်တွင် ရန်ကုန်မြို့၊ ဝါးတန်းလမ်းရှိ ဆန်စပါးကုန်စည်ဒိုင်တွင် သက်သာသော ဈေးနှုန်းဖြင့် ဆန်များ စတင်ရောင်းချပေးလျက် ရှိသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ညီနောင်အသင်းများ၊ ကုန်စည်ဒိုင်များ၊ ဆန်စပါးကုမ္ပဏီများ ပူးပေါင်းပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စားသုံးသူပြည်သူများအတွက် သင့်တင့်မျှတသော ရည်ညွှန်းဈေးဖြင့် ရောင်းချပေးခြင်းဖြစ်သည်။

ယင်းကဲ့သို့ သက်သာသောဈေးနှုန်းဖြင့် ဆန်ရောင်းချပေးရာတွင် ရန်ကုန်မြို့တွင်းနေထိုင်သူများ၊ ဒလမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့မှလည်း လာရောက်ဝယ်ယူကြောင်း မေးမြန်းချက်များအရ သိရသည်။

” ရွှေပြည်သာကနေ လာဝယ်တာ။ လိုင်းပေါ်မှာတွေ့လို့‌ လာတာပါ” ဟုရွှေပြည်သာမြို့နယ်မှ ဆန်လာဝယ်သူတစ်ဦးကပြောသည်။

ယခုကဲ့သို့ ဆန်ရောင်းချခြင်း အစီအစဉ်ကို ရုံးဖွင့်ရက်များတွင် နံနက် (၉) နာရီခွဲမှ ညနေ (၃) နာရီခွဲအထိ ရန်ကုန်မြို့ ဝါးတန်းဆန်စပါးကုန်စည်ဒိုင်၊ ဘုရင့်နောင်ဆန်စပါးကုန်စည်ဒိုင်များတွင် ရောင်းချပေးနေပြီး ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ငွေကျပ် ၁၃၅၀၀၀ကျပ် မှ ၁၄၅၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း တစ်အိတ်လျှင် ငွေကျပ် ၁၁၀၀၀၀ ကျပ် မှ ၁၂၀၀၀၀ ကျပ်၊ ဧည့်မထ တစ်အိတ်လျှင် ငွေကျပ် ၇၂၀၀၀ ကျပ်မှ ၇၅၀၀၀ ကျပ်ဖြင့် ရောင်းချပေးမည်ဖြစ်သည်။

ထို့ပြင် ပေါ်ဆန်းဆန် တစ်ပြည်လျှင် ငွေကျပ် ၅၀၀၀၊ ဧည့်မထဆန် တစ်ပြည်လျှင် ငွေကျပ် ၃၀၀၀ ကျပ်နှင့် ပေါ်ဆန်း ဆန် (၅)ပြည်တစ်အိတ်လျှင် ငွေကျပ် ၂၅၀၀၀ ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

စားသုံးသူပြည်သူများအနေဖြင့် အိမ်ထောင်စုတစ်စုလျှင် တစ်လအတွက် ပေါ်ဆန်းဆန်တစ်အိတ်နှင့် ဧည့်မထဆန်တစ်အိတ်ကို အိမ်ထောင်စုစာရင်းမိတ္တူ နှင့် အဆိုပါအိမ်ထောင်စုစာရင်းတွင် ပါဝင်သူတစ်ယောက်၏ မှတ်ပုံတင်မူရင်းတို့ဖြင့် လာရောက်ဝယ်ယူနိုင်ကြောင်း သိရသည်။

အဆိုပါ သက်သာသောဈေးနှုန်းဖြင့် ဆန်ရောင်းချခြင်းအစီအစဉ်ကို ရက်ကန့်သတ်ထားခြင်းမရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here