ရာဖာမှာ ပြင်းထန်တဲ့ ထိုးစစ်ဖော်ဆောင်မှု အပြီးသတ်တော့မှာဖြစ်ပေမယ့် ဂါဇာစစ်ပွဲ ဆက်တိုက်နေရဦးမယ်လို့ နေတန်ယာဟု ပြော

0
548

ဂါဇာတောင်ပိုင်း ရာဖာမြို့မှာ ဟားမတ်စ်စစ်သွေးကြွတွေအပေါ် အစ္စရေးစစ်တပ်က ပြင်းပြင်းထန်ထန် တိုက်ပွဲဆင်နေမှုဟာ အပြီးသတ်လုနီးပါးဖြစ်နေပြီလို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဇွန် ၂၃ ရက်မှာ ပြောဆိုပါတယ်။

အောက်တိုဘာ ၇ ရက်မှာ ဟားမတ်စ်နဲ့ စစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်း အစ္စရေး ရုပ်သံလိုင်းတစ်ခုနဲ့ သူ့ရဲ့ ပထမဆုံး အင်တာဗျူးအတွင်း နေတန်ယာဟုက တပ်ဖွဲ့တွေကို လက်ဘနွန်နဲ့နယ်စပ် နိုင်ငံမြောက်ပိုင်းသို့ မကြာခင် ဖြန့်ကျက်သွားတော့မှာဖြစ်ကြောင်းနဲ့ ဒါဟာ ကာကွယ်ရေးအတွက် ရည်ရွယ်မှုသာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

“ဟားမတ်စ်အပေါ် ပြင်းထန်တဲ့ တိုက်ပွဲဖော်ဆောင်မှုအဆင့်က ပြီးဆုံးတော့မှာပါ” လို့ အစ္စရေးရဲ့ နေတန်ယာဟု လိုလားသော ချန်နယ်-၁၄ နဲ့ အင်တာဗျူးမှာ သူက ပြောဆိုသွားပါတယ်။ ဒါ့အပြင် ဒါက စစ်ပွဲ ပြီးဆုံးတော့မယ်လို့ ဆိုလိုချင်း မဟုတ်ဘဲ ရာဖာမှာ ဖော်ဆောင်နေတဲ့ ပြင်းထန်တိုက်ပွဲအဆင့် အဆုံးသတ်တော့မယ်လို့သာ ဆိုလိုချင်းဖြစ်ကြောင်း သူက ဆက်လက် ပြောဆိုခဲ့ပါတယ်။

ပြင်းထန်ထိုးစစ်အဆင့် ပြီးမြောက်ခဲ့ပါက တပ်ဖွဲ့အချို့ကို နိုင်ငံမြောက်ပိုင်းမှာ ပြန်လည်ချထားနိုင်မှာဖြစ်ပြီး အဓိကအားဖြင့်တော့ ကာကွယ်ရေး ရည်ရွယ်ချက်နဲ့ စစ်ဘေးရှောင်တွေကို နေရပ်ပြန်ပို့နိုင်ရေး ရည်ရွယ်တယ်လို့လည်း နေတန်ယာဟုက ပြောဆိုပါတယ်။

ဂါဇာစစ်ပွဲ စတင်ချိန်ကစလို့ အစ္စရေးတပ်တွေနဲ့ လက်ဘနွန် ဟစ်ဇ်ဘိုလာစစ်သွေးကြွတွေအကြား အပြန်အလှန်ပစ်ခတ်မှုတွေ နေ့စဉ်နီးပါး ပေါ်ပေါက်နေခဲ့ပြီး အစ္စရေးမြောက်ပိုင်းက ဒေသခံ ထောင်ပေါင်းများစွာ နေရပ်စွန့်ခွာခဲ့ကြရပါတယ်။

ဂါဇာစစ်ပွဲ အဆုံးသတ်ပေးရမယ်လို့ သတ်မှတ်တဲ့ ဘယ်လို ဖြေရှင်းချက်မျိုးကိုမှ သူ သဘောတူမှာ မဟုတ်ကြောင်း နေတန်ယာဟုက ပြောဆိုထားပြီး ဖမ်းဆီးခံထားရဆဲ ဓ-ါးစားခံ အားလုံးမဟုတ်တောင် တစ်ချို့တလေ ပြန်လွတ်နိုင်တဲ့ တစ်စိတ်တစ်ပိုင်း သဘောတူညီမှုမျိုးအတွက် လမ်းဖွင့်ထားတယ်လို့ ဆိုခဲ့ပါတယ်။

ရည်ရွယ်ချက်ကတော့ ဓ-ါးစာခံတွေ ပြန်လွတ်ရေးနဲ့ ဂါဇာမှာ ဟားမတ်စ် အုပ်စိုးမှု အမြစ်ပြတ်ရေးဖြစ်တယ်လို့ သူက ပြောဆိုခဲ့ပါတယ်။

အစ္စရေးရဲ့ ဟားမတ်စ် အလုံးစုံ ပျက်သုန်းရေး ရည်မှန်းချက်အပေါ် အမေရိကန် အရာရှိတွေက သံသယရှိနေပြီး အစ္စရေး စစ်တပ် ပြောရေး ဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး ဒန်နီရယ် ဟာဂရီကလည်း ဟားမတ်စ်ကို ချုပ်ငြိမ်းအောင်လုပ်လို့ မရနိုင်ဘူးလို့ ဗုဒ္ဓဟူးနေ့မှာ ပြောဆိုခဲ့ပါတယ်။

ဟားမတ်စ် ပျောက်ကွယ်အောင်လုပ်မယ်လို့ ပြောဆိုခြင်းဟာ လူတွေရဲ့ မျက်လုံးကို သဲနဲ့ ပက်တာဖြစ်ကြောင်း ဟာဂရီက ဆိုခဲ့ပြီး ဟားမတ်စ်ဟာ အယူဝါဒတစ်ခုဖြစ်ကြောင်းနဲ့ မိမိတို့အနေနဲ့ အယူဝါဒတစ်ခုကို ပျောက်ကွယ်အောင် မလုပ်နိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။

Ref: France24


LEAVE A REPLY

Please enter your comment!
Please enter your name here