၂၀၀၈ အခြေခံ ဥပဒေပြင်ဆင်ရေး NSPNC နှင့် နိုင်ငံရေးပါတီအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ ဩဂုတ် ဒုတိယပတ်အတွင်း ထပ်မံတွေ့ဆုံမည်

0
271

၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး ဆွေးနွေးနိုင်ရန်အတွက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် နိုင်ငံရေးပါတီအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ ယခုနှစ် ဩဂုတ် ဒုတိယပတ်အတွင်း ထပ်မံတွေ့ဆုံမည်ဖြစ်ကြောင်း ယင်းအဖွဲ့၏အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သည့် ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ပြောသည်။

နိုင်ငံရေးပါတီအစုအဖွဲ့၏ အလုပ်အဖွဲ့ ခေါင်းဆောင်(၄) ဦးရွေးချယ်ပြီးနောက် ယခုလ ဇွန် (၁၉)ရက်နှင့် (၂၀)ရက်တို့တွင် ပထမအကြိမ်အနေဖြင့် နှစ်ရက်တာတွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ပြီး အခြေခံဥပ‌ဒေပြင်ဆင်ရေး အပါအဝင်အုပ်ချုပ်ရေး ၊ ဥပဒေပြုရေးနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ ဖွဲ့စည်းနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း ၎င်း၏ ပြောပြချက်အရ သိရသည်။

အဆိုပါ ဆွေးနွေးပွဲအတွင်း ယခင် NSPNC နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ(EAOs)များ တွေ့ဆုံစဉ်က ဆွေးနွေးခဲ့ကြသည့် ‌ဖွဲ့စည်းပုံအခြေခံ ဥပဒေမှ ပြင်ဆင်လိုသည့် အခြေခံမူနှင့်ပတ်သက်သည့် အချက်(၂၁)ချက်အား ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။

ထို့ပြင် ယခုတွေ့ဆုံဆွေးနွေးမှုအတွင်း နိုင်ငံရေးအစုအဖွဲ့များအား အခြေခံမူ (၂၅) ချက်နှင့် ပတ်သက်၍လည်း ပြင်ဆင်သင့်သည်များ ပြင်ဆင်ရန် NSPNC က ချပြလာကြောင်း ဆိုသည်။

” ကျွန်တော်တို့ ပါတီအစုအဖွဲ့အသစ်ဖွဲ့စည်းပြီးတဲ့ နောက်မှာ သူတို့က အိမ်စာပေးတာပေါ့ဗျာ၊ နိုင်ငံရေးအစုအဖွဲ့တွေက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးထားတဲ့အချက်တွေ အပေါ်မှာ ဘယ်လိုသဘောထားသလဲဆိုတာ သူတို့ဘက်က ဖြေပေးဖို့ပြောတာပေါ့။ အဲဒီမှာအချက် (၂၁)ချက်ရှိတာပေါ့။ အဲဒီဟာကို ကျွန်တော်တို့ဘက်က ဆွေးနွေးပြီးမှ ဘယ်လိုသဘောထားရှိလဲဆိုတာကို ပြင်ဆင်သွားတာပေါ့။ နောက်အချက် (၂၅)ချက်ကိုလည်း စဉ်းစားပေးပါလို့ ကျွန်တော်တို့ကို ပေးတာပေါ့။ ဆိုတော့ ကျွန်တော်တို့စဉ်းစားသင့်တာစဉ်းစားပြီးမှ ယူသွားမှာပေါ့။ ဒီအဖြေတွေကိုလေ “ဟု ၎င်းက ရှင်းပြသည်။

ပြီးခဲ့သည့် ဆွေးနွေးပွဲအတွင်း NSPNC နှင့် EAOs တို့ဆွေးနွေးခဲ့ကြသည့် အချက်(၂၁)အပေါ် ဆွေးနွေးပြီးပြီဖြစ်ကြောင်းနှင့် ကျန်(၂၅)ချက်အား လာမည့် ဩဂုတ်လအတွင်း တွေ့ဆုံမှု၌ အဖြေရှာသွားမည်ဖြစ်ကြောင်း ဆိုသည်။

ဆွေးနွေးပွဲသို့  နိုင်ငံရေးပါတီအစုအဖွဲ့ခေါင်းဆောင်တာဝန်ယူထားကြသည့် ပြည်ခိုင်ဖြိုးပါတီမှ ဒေါက်တာအောင်မြတ်ဦး ၊ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း၊ ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီး ၊ ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် NSPNC မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here