မြောက်ကိုရီးယားက အမှိုက်မီးပုံးပျံများ ထပ်လွှတ်တင်

0
160

ဆိုးလ်၊ဇွန် ၂၄

ကိုရီးယားနှစ်နိုင်ငံအကြား တင်းမာမှုများမြင့်တက်လျက်ရှိပြီး မြောက်ကိုရီးယားသည် တောင်ကိုရီးယားနယ်စပ်သို့ အမှိုက်များပါဝင်သည့် မီးပုံးပျံများကို ထပ်မံလွှတ်တင်ခဲ့ကြောင်း ဇွန် ၂၄ ရက်နေ့ အနှောင်းပိုင်းတွင် တောင်ကိုရီးယားစစ်တပ်ကပြောကြားခဲ့သည်။

“ပြည်သူတွေက အောက်ကိုပြုတ်ကျလာတဲ့ မီးပုံးပျံအပျက်အစီးတွေကို သတိထားဖို့ အကြံပေးခြင်ပါတယ်။ ပြုတ်ကျလာတဲ့ မီးပုံးပျံတွေကို မထိမိအောင်သတိထားပြီး နီးစပ်ရာ တပ်မတော်တပ်ဖွဲ့ ဒါမှမဟုတ် ရဲစခန်းကိုသတင်းပို့ပါ” ဟုလည်း ကြေငြာချက်တွင်ထုတ်ပြန်ထားသည်။

ဆိုးလ်ဘက်မှတက်ကြွလှုပ်ရှားသူများ၏ ပြုံယမ်းအစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုကို တုန့်ပြန်သည့်အနေဖြင့် မြောက်ကိုရီးယားက ယခုကဲ့သို့ အမှိုက်မီးပုံးပျံများ လွှတ်တင်ခြင်းဖြစ်ကာ ယခင်ကလည်း အလုံးရေ ရာ နှင့်ချီ၍ လွှတ်တင်ခဲ့ပြီးဖြစ်သည်။

ကိုရီးယားနှစ်နိုင်ငံအကြားဆက်ဆံရေးသည် ပြုံယမ်းသို့ ရုရှားသမ္မတအလည်လာပြီး နှစ်နိုင်ငံအပြန်အလှန်ကာကွယ်ရေးသဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ခြင်းကြောင့် ပိုမိုဆိုးရွားလာခဲ့ခြင်းဖြစ်သည်။

ဆိုးလ်ကမူ မော်စကိုနှင့်ပြုံယမ်း၏ သဘောတူညီချက်ကို တုန့်ပြန်သည့်အနေဖြင့် ယူကရိန်းကို လက်နက်ထောက်ပံ့ပေးခြင်းကို စဉ်းစားရတော့မည်ဟု ပြန်လည်ပြောကြားခဲ့သည်။ကျွမ်းကျင်သူများကမူ ယခုကိစ္စနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံနယ်စပ်တွင် တင်းမာမှု သည် လျင်မြန်စွာ မြင့်တက်လာနိုင်ကြောင်း သုံးသပ်ထားကြသည်။

ထို့ပြင် ယခုလနှောင်းပိုင်းတွင်ကျင်းပမည့် တိုကျို၊ဆိုးလ်နှင့်ဝါရှင်တန်တို့၏ သုံးနိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်မှုမတိုင်မီ ဆိုးလ်နှင့်အ‌မေရိကန်နှစ်နိုင်ငံတည်း ပူးတွဲလေ့ကျင့်ရန်အတွက် ဝါရှင်တန်၏ လေယာဉ်တင်သင်္ဘောလည်း စနေနေ့က တောင်ကိုရီးယားသို့ရောက်နေပြီဖြစ်သည်။

Source : အေအက်ဖ်ပီ/အမ်အိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here