မဲဆန္ဒရှင်စာရင်းကို စီမံခန့်ခွဲမည့် ဆော့ဝဲလ်ကို ပြည်တွင်းပညာရှင်များနှင့် တီထွင်ဆောင်ရွက်နေ

0
241

မဲဆန္ဒရှင်စာရင်းကို စီမံခန့်ခွဲမည့် ဆော့ဝဲလ်ကို ပြည်တွင်းရှိ မြန်မာပညာရှင်များနှင့် တီထွင်ဆောင်ရွက်နေကာ မဲစာရင်းများအား စနစ်တကျပြုစုဆောင်ရွက်နေကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ က ပြောသည်။

ယမန်နေ့ ဇွန်(၂၄)ရက် နံနက်ပိုင်းက နေပြည်တော် တည်းခိုရေးစခန်း (ရွာတော်) ရှိ ဆင်ဖြူရှင်ခန်းမ၌ ပြုလုပ်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မဲဆန္ဒရှင်စာရင်းများစီမံခန့်ခွဲမှုစနစ်ဆိုင်ရာ ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲတွင် ထိုသို့ပြောကြားခြင်း ဖြစ်သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ၌ ပထမအကြိမ်ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသည့် ဝန်ထမ်းများအနေဖြင့် မဲဆန္ဒရှင်စာရင်း စီမံခန့်ခွဲမှုစနစ်နှင့်စပ်လျဉ်းပြီး အတွေ့အကြုံကောင်းများ၊ အထောက်အကူကောင်းများရရှိခဲ့ကြကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသည့် ဝန်ထမ်းများ၏ တွေ့ကြုံနေရသည့် အခက်အခဲများ၊ အကြံဉာဏ်များကို ရယူကာ မဲဆန္ဒရှင်စာရင်းစီမံခန့်ခွဲမှု စနစ်၏ နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များလည်း ထပ်မံဖြည့်သွင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောသည်။

ထိုနည်းတူ ကျင်းပပြီးစီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် မဲစာရင်းများကို သမားရိုးကျနည်းလမ်းများဖြင့်သာ ရေးသွင်းပြုစုခဲ့ကြကြောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများပြုစုခြင်းကို ကွန်ပျူတာဆော့ဝဲလ်နှင့် စတင်အသုံးပြုရန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ ပယ်ဖျက်ခဲ့သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင်လည်း ပြည်ပအကူအညီရယူ၍ မဲစာရင်းများကို ဆော့ဝဲလ်စနစ်ဖြင့်ရေးဆွဲရန် ကြိုးစားခဲ့သော်လည်းအောင်မြင်မှုမရရှိခဲ့ကြောင်း ကော်မရှင် ဥက္ကဋ္ဌက ဆိုသည်။

လက်ရှိတွင်ကော်မရှင်အနေဖြင့် မဲဆန္ဒရှင်စာရင်း စီမံခန့်ခွဲမှုစနစ်ဆော့ဝဲလ်ကို ပြည်တွင်းရှိ မြန်မာပညာရှင်များ၏ အကူအညီဖြင့် ခေတ်မီနည်းစနစ်များဖြင့် တီထွင်ပြီး မဲစာရင်းများကို စနစ်တကျပြုစုဆောင်ရွက်လျက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲကို ဇွန် (၂၄)ရက်မှ (၂၈) ရက်အထိ ကျင်းပသွားမည်ဖြစ်ကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှတာဝန်ရှိသူများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ ဝန်ထမ်းများတက်ရောက်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here