ကချင်ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ဒုတိယနှစ်စက်ဝန်းအတွက် ကျပ်သန်း (၇၀၀၀) ကျော် ထုတ်ချေးထား

0
214

ကချင်ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ဒုတိယနှစ်စက်ဝန်းအတွက် စိုက်ပျိုးမွေးမြူရေး၊ သမဝါယမနှင့် ကုန်ထုတ်လုပ်မှုစီမံကိန်း လုပ်ငန်းပေါင်း ယူနစ် (၁၆၀) ကျော်အတွက် မတည်ငွေကျပ်သန်း(၇၀၀၀)ကျော် ထုတ်ချေးနိုင်ခဲ့ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ရန်ပုံငွေ ပထမနှစ်စက်ဝန်းကို အောင်မြင်စွာလည်ပတ်နိုင်ခဲ့ပြီး ယခုနှစ်အတွက် ရန်ပုံငွေ ဒုတိယနှစ်စက်ဝန်းတွင် လုပ်ငန်းစီမံကိန်းအတွက် ထပ်မံမတည်လည်ပတ်လျက်ရှိခြင်းဖြစ်သည်။ 

အဆိုပါ နိုင်ငံ့စီးပွားမြင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ပြည်နယ်အဆင့် ကျေးရွာစီမံကိန်း ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင် (၃) ရက်၊ ညနေ (၃) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ပထမနှစ်စက်ဝန်းကို အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများ စည်းလုံးညီညွတ်စွာဖြင့်အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ 

ယခု ဒုတိယနှစ်စက်ဝန်းအတွက် ရန်ပုံငွေများကို မတည်ပေးလျက်ရှိပြီး ခရိုင်/မြို့နယ်ကော်မတီများကအတည်ပြု တင်ပြလာသည့် လုပ်ငန်းစီမံကိန်းများကို မိမိတို့အနေဖြင့် စနစ်တကျစိစစ်ကြပ်မတ်ပြီး လက်စွဲစာအုပ်ပါလုပ်ငန်းစဉ်များ၊ ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်ပြီး နယ်မြေအခြေအနေပေါ်မူတည်၍ စိစစ်ဆုံးဖြတ်ရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ဒုတိယနှစ်စက်ဝန်းဖြင့် ခရိုင်အလိုက် လည်ပတ်လျက်ရှိသည့် လုပ်ငန်းယူနစ်များနှင့် ရန်ပုံငွေမတည်ပေးနိုင်သည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။ 

ထိုသို့ ရှင်းလင်းတင်ပြရာ တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက် မတည်ငွေများ ချထားဆောင်ရွက်ပေးခဲ့မှု အခြေအနေများ၊ မြေပြင်တွင် ကျေးရွာကော်မတီများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်မှု အခြေအနေများ၊ လိုအပ်ချက်၊ အခက်အခဲများကို အသီးသီး တင်ပြဆွေးနွေးကြကြောင်း သိရသည်။

ရှင်းလင်းတင်ပြချက်များကို ပြည်နယ်စီးပွားရေးရာဝန်ကြီးက ဘဏ္ဍာရေး စည်းကမ်း၊ ညွှန်ကြားချက်များအား ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ရန်ပုံငွေများ အမှန်တကယ်လိုအပ်သည့် ပြည်သူများ အကျိုးဖြစ်ထွန်းစေရေး စနစ်တကျ စိစစ်ကြပ်မတ်ချထားပေးနိုင်ရေး ကော်မတီအဖွဲ့ဝင်များနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here