တနင်္သာရီတိုင်းဒေသကြီးအတွင်း အခွန်ကောက်ယူရာတွင်အပြည့်အဝရရှိရေး လုပ်နေ

0
173

တနင်္သာရီတိုင်း ဒေသကြီးအတွင်း ဝန်ထမ်းများအတွက် အခွန်အခမှ လစာပေးရသောကြောင့် အခွန်ကောက်ခံမှုတွင် အခွန်တိုးတက်ရရှိရေး အခွန်ကို နယ်ပယ်ချဲ့ထွင်၍ အပြည့်အဝရရှိရေးမှာ အရေးကြီးကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက ပြောကြားသည်။

တနင်္သာရီတိုင်းဒေသကြီး အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် (၄)ရက်၊ မွန်းလွဲ (၁) နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပစဉ် ပြောဆိုခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး အခွန်ကောက်ခံမှုအထောက်အကူပြု အဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီးအတွင်းရှိ အခွန်ကောက်ယူကိစ္စနှင့် ပတ်သက်ပြီး အပြည့်အဝရရှိရေး ညှိနှိုင်းအစည်းအဝေးဖြစ်ကြောင်း၊ အခွန်ကောက်ခံနေမှုနှင့် ပတ်သက်၍ တနင်္သာရီတိုင်းဒေသကြီး အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ ဖွဲ့စည်းပြီး မြို့နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ ဆက်လက်ဖွဲစည်းကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဓိကအနေဖြင့် အခွန်ကောက်ခံမှုတွင် အခွန်တိုးတက်ရရှိရေးအတွက် အခွန်ကို နယ်ပယ်ချဲ့ထွင်၍ အပြည့်အဝရရှိရေးသည် အရေးကြီးကြောင်း၊ တိုင်းဒေသကြီးတွင်သုံးစွဲနေသော အခွန်အခနှင့်ပတ်သက်ပြီး ခွဲဝေသုံးစွဲနေရခြင်းဖြစ်ကြောင်း၊ အခွန်များရရှိပါက ဝန်ထမ်းများအတွက် အခွန်အခမှ လစာပေးရကြောင်း၊ လစာအား ပိုမိုတိုးမြှင့်ပေးနိုင်အောင် အခွန်ကောက်ခံရရှိမှုအပေါ်မူတည်ပြီး အချိုးအစားခွဲပေးရသည့်အတွက် အပြည့်အဝရရှိရေးမှာ အရေးကြီးကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ထိုနောက် တိုင်းဒေသကြီးအခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့အတွင်းရေးမှူး၊ တိုင်းဒေသကြီး စီးပွားရေးရာ ဝန်ကြီး ဦးမောင်ကြီးက အခွန်ကောက်ခံမှုနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။

ထို့ပြင် တွဲဖက်အတွင်းရေးမှူး တိုင်းဒေသကြီး အခွန်ဦးစီးမှူး ဦးကျော်သိန်းက အခွန်အကြောင်း သိကောင်းစရာများ၊ စည်းကြပ်နှစ်အလိုက် အခွန်ကောက်ခံရရှိမှုအခြေအနေများ၊ နယ်စပ်ကုန်သွယ်ရေး စခန်းများမှ အခွန်ကောက်ခံရရှိမှုအခြေအနေများ၊ ရှေ့ဆက်လက်ဆောင်ရွက်သွားမည်အခြေအနေများအား ရှင်းလင်းတင်ပြရာ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များကို အကြံပြုဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here