မိုးရက်ဆက်ရွာသွန်းမှုကြောင့် ဥတုချောင်းရေ စိုးရိမ်ရေမှတ်အထိ ထပ်မံမြင့်တက်လာ၊ အရေးပေါ်ကယ်ဆယ်ရေးအတွက် ပြင်ဆင်ထားပြီဖြစ်ဟုဆို

0
397

မိုးရက်ဆက် ရွာသွန်းနေမှုကြောင့် ဥရုချောင်းရေ စိုးရိမ်ရေမှတ်အထိ ထပ်မံမြင့်တက်လာသည့်အတွက် ဖားကန့်မြို့နယ်၊ လုံးခင်း‌ကျေးရွာအုပ်စု၊ လုံးခင်းကျေးရွာအပါအဝင် အခြားကျေးရွာများ အရေးပေါ်ကယ်ဆယ်ရေးအတွက် ပြင်ဆင်ထားပြီဖြစ်ကြောင်း ဒေသတွင်းလူမှုကယ်ဆယ်ရေးအဖွဲ့တာဝန်ခံတစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောသည်။

လက်ရှိတွင် ဥတုချောင်းရေသည် စိုးရိမ်ရေမှတ် အဆင့်သို့ရောက်ရှိနေပြီး စိုးရိမ်ရေမှတ်အထက် မကျော်သေးသည့်အတွက် စောင့်ကြည့်အခြေအနေတွင်ရှိနေသည်ဟု ဆိုသည်။

“ကျွန်တော်တို့ ချောင်းရေမြင့်တက်လာပြီး ရေကြီးရေလျှံဖြစ်လာပြီဆိုရင်တော့ ဦးစားပေးအဆင့်ခွဲပြီးလုပ်ဆောင်ဖို့ပြင်ဆင်ထားပါတယ်။ ပထမ ဦးစားပေးအဆင့်အနေနဲ့ သက်ကြီးရွယ်အို ၊ ကိုယ်ဝန်ဆောင်မိခင်၊ နာတာရှည်ကျန်းမာ ရေးမကောင်းတဲ့သူနဲ့ ကလေးသူငယ်တွေကိုရွှေ့ပြောင်းပေးဖို့ ပြင်ဆင်ထားတယ်။ အခုတော့ မြေနိမ့်ပိုင်းက နေအိမ်တွေ‌ ဈေးဆိုင်တွေက ပစ္စည်းတွေကို ရေလွတ်ရာကို ကူညီသယ်ပို့တာတွေရှိပါတယ်”ဟု ၎င်းက ရှင်းပြသည်။

အလားတူ ရေကြီးရေလျှံဖြစ်ပွားလာပါက ဒေသခံရေဘေးသင့် ပြည်သူများအတွက်သောက်ရေ၊ ဆေးဝါးနှင့် ထမင်းထုပ်များပေးပို့နိုင်ရန်လည်း ကြိုတင်ပြင်ဆင်ထားရှိကြောင်း သိရသည်။

“‌ချောင်းရေက တက်လာလည်းအများဆုံးတစ်ရက်လောက်ပါပဲ။ ရေဘေးရှောင်စခန်းသီးသန့်တော့ မဖွင့်ပါဘူး။ ရွာထဲက ဘုန်းကြီးကျောင်းတွေမှာပဲ ယာယီခိုလှုံကြတာပေါ့။”၎င်းက ဖြည့်စွက်ဆိုသည်။

ယခုလ ဇူလိုင်(၁)ရက်က ဥရုချောင်းရေ မြင့်တက်လာသဖြင့် လုံးခင်းကျေးရွာ အုပ်စု ကံဆီးရွာ၊ လုံးခင်းရွာအပါအဝင် ဖားကန့်မြို့ပေါ်ရပ်ကွက်များ‌ ရေနစ်မြှပ်ခဲ့ရပြီးနောက် ဇူလိုင်(၃) ရက်တွင် ရေပြန်လည်ကျဆင်းခဲ့ပြီး ယခု ဇူလိုင်(၅)ရက်တွင် ဥတုချောင်းရေ ထပ်မံမြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းက ရေကြီးမှုကြောင့် ဖားကန့်မြို့အတွင်းရှိ ဒေသခံပြည်သူ (၃,၀၀၀) ခန့် ရေဘေးသင့်ခဲ့ရပြီး ဖားကန့် ငှက်ပျောတောရပ်ကွက်ရှိ အမျိုးသမီးတစ်ဦး ရေစီးနှင့်မျောပါ၍ အသက်ဆုံးရှူံးခဲ့ရသေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here