တနိုင်းမြို့နှင့် ခန္တီးမြို့ရှိ ရပ်ကွက်၊ ကျေးရွာများမှ ရေဘေးသင့်ပြည်သူများအား ရေဘေးကင်းလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးနေရ

0
258

မြစ်ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိသည့် ကချင်ပြည်နယ်၊ တနိုင်းမြို့နှင့် စစ်ကိုင်းတိုင်းအတွင်းရှိ ခန္တီးမြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများမှ ရေဘေးသင့်ပြည်သူများအား ရေဘေးကင်းလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးနေရကြောင်း သိရသည်။

ကချင်ပြည်နယ်၊ တနိုင်းမြို့အတွင်းရှိ ရေဘေးသင့်ပြည်သူများအား ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲခြောက်များကို ဇူလိုင် (၅) ရက် နံနက်ပိုင်းက တနိုင်းမြို့၊ ဆင်ဆာ့ကောင်းရပ်ကွက်၊ ယာယီရေဘေးကယ်ဆယ်ရေး စခန်း၌ ထောက်ပံ့ပေးရာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရေဘေးသင့်ပြည်သူများနှင့် စေတနာရှင် အလှူရှင်များ လာရောက်ကြောင်း သိရသည်။

ရေဘေးသင့်ပြည်သူအိမ်ထောင်စု (၃၃၁) စု၊ လူဦးရေ (၁၅၈၂) ဦးအတွက် စေတနာရှင် အလှူရှင်များနှင့် မြို့မိမြို့ဖများမှ ဝိုင်းဝန်းလှူဒါန်းငွေ ကျပ်သိန်း (၁၀၀) နှင့် ဆန် (၁၅၄) အိတ်နှင့် စားသောက်ဖွယ်ရာများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချင်းတွင်းမြစ်ရေ မြင့်တက်လျက်ရှိရာ ခန္တီးမြို့၏ စိုးရိမ်ရေအမှတ်သည် ၁၃၆၀ စင်တီမီတာ၏ အထက်သို့ ၁၇၅ စင်တီမီတာကို ကျော်လွန်ခဲ့ကာ ခန္တီးမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများအတွင်းသို့ မြစ်ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိပြီး ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇူလိုင် (၅)ရက်က ဆင်သေကျေးရွာရှိ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းနှင့် သာစည်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတို့တွင် ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး အဆိုပါကျေးရွာများရှိ ရွှေ့ပြောင်းရန် လိုအပ်သော အိမ်ထောင်စုဝင်များအား မြသိန်းတန်ဘုရားကုန်း၊ တပ်ဦးနန္ဒဝန်ဘုန်းတော်ကြီးကျောင်း၊ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းနှင့် အခြေခံပညာအလယ်တန်းကျောင်း (ဇီးဖြူကုန်း) တို့ရှိ ကယ်ဆယ်ရေးစခန်းများသို့ ကူညီရွှေ့ပြောင်းပေးခြင်းများ ဆောင်ရွက်ပေးကာ ရေဘေးသင့်ပြည်သူများအား လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here