SSPP/SSA နှင့် TNLA တို့ နေရာ (၃)နေရာတွင် တိုက်ပွဲဖြစ်ပွား၊ နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိဟု SSPP/SSA ထုတ်ပြန်

0
437

ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) အခြေချတပ်စွဲထားသည့် စခန်းများကို တအာင်း လွတ်မြောက်ရေးတပ်မတော် TNLA က ဇူလိုင်လ (၅) ရက်တွင် ဝင်ရောက် တိုက်ခိုက်ရာမှ အပြန်လှန် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက် ကျဆုံးမှုများ ရှိခဲ့ကြောင်း SSPP/SSA က ယနေ့ ဇူလိုင်(၆)ရက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါ အသိပေးထုတ်ပြန်ချက်တွင် ပြည်ထောင်စုလမ်းမကြီး တောင်ဘက် (၇) မိုင်အကွာ လုပ်ပါကျေးရွာ၊ ခေးနင်းကျေးရွာအုပ်စု၌ တပ်စွဲထားသည့် SSPP/SSA တပ်စခန်းနှင့် ကြံခင်းရွာ တပ်စခန်းတို့ကို တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA က အကြောင်းမဲ့ ဝင်ရောက်ပစ်ခတ်ခဲ့ရာမှ ယခုလို ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ထို့ပြင် TNLA မှ အင်အား (၇၀) ကျော်သည် နေ့လယ် (၁၁) နာရီ (၄၅) မိနစ်ခန့် အချိန်၌ ပြည်ထောင်စုလမ်းမကြီး မြောက်ဘက်မှ တောင်ဘက်ကိုကျော်ပြီး လုပ်ပါကျေးရွာအတွင်းကို ဝင်ရောက်လာရာမှ စတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နောင်ပိန်လုံ အခြေစိုက် ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်ရင်းမှူးက ” ရှမ်းပြည်တိုးတက်ရေးပါတီ /ရှမ်းပြည်တပ်မတော် (SSPP/SSA)  အခြေချထားတဲ့ တပ်စခန်းကို TNLA က ဝင်ရောက်ခဲ့တာကြောင့် SSPP/SSA ဘက်က နောက်ပြန်ဆုတ်ဖို့ ပြောခဲ့ပါတယ်။ အဲဒီလို ပြောတော့ သူတို့ဖက်က ပြန်ထွက်လာပြီး ဂိတ်စောင့်နေတဲ့ ကျနော်တို့ တပ်သားကို ပစ်ခတ်ခဲ့ရာကနေ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ သူတို့ ဆုတ်ခွာ ထွက်သွားရင်းနဲ့ နောင်ပိန်လုံ အဝင်လမ်းခွဲမှာ လုံခြုံရေးယူနေတဲ့ SSPP/SSA တပ်သားတွေကိုပါ ထပ်မံပစ်ခတ်ခဲ့တယ် “ ဟု ၎င်းက ရှင်းပြထားသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် TNLA ဘက်မှ ဖိုးဝီးကား တစ်စီးဖြင့် ဘော်ကြိုရွာဘက်မှ အင်အားဖြည့်တင်းကာ ထွက်ခွာလာပြီး ကျင်သီ တံတား နောက်ဘက်တွင် နေရာဖြန့်ကျက်ကာ SSPP/SSA အထိုင်ချ တပ်စွဲထားသည့် ကြံခင်းရွာ တပ်စခန်းကို နေ့လယ် (၁) နာရီကျော်ချိန်တွင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းကြောင်း ဖော်ပြထားသည်။

ထို့ပြင် စစ်ကူအင်အား ဖြည့်တင်းပြီး နမ့်ဟူနွဲ့ ကော်တန် တောင်ဘက်မှ ဆင်းလာသည့် စစ်ကြောင်းကို SSPP/SSA တပ်ဖွဲ့မှ တားဆီးခဲ့ခြင်းကြောင့် နှစ်ဖက် တိုက်ပွဲ ထပ်မံ ဖြစ် ပွားခဲ့ကြောင်း သိရသည်။

SSPP/SSA နဲ့ TNLA တို့ကြား တစ်ရက်ထဲတွင်(၃) နေရာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် SSPP/SSA ဘက်မှ ရဲဘော် (၁) ယောက် အသက်ဆုံးရှုံးခဲရပြီး TNLA ဘက်မှလည်း အသက်ဆုံးရှုံးသူလက်နက်ချ အလင်းဝင်ရောက်သူနှင့် ဒဏ်ရာရ စစ်သုံပန်း ( ၅) ဦးထက်မနည်း ရှိခဲ့သည်ဟု အသိပေးဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here