တရုတ်မှာ ဆည်ကျိုးလို့ လူ ၆၀၀၀ နီးပါး ဘေးလွတ်ရာ ရွှေ့ပြောင်း

0
217

တရုတ်နိုင်ငံ ဟူနန်ပြည်နယ်မှာ ဆည်တစ်ခု ကျိုးပေါက်ခဲ့ပြီး အာဏာပိုင်တွေက ရေကြီးရေလျှံမှုတွေ မဖြစ်ရအောင် ဟန့်တားကာကွယ်မှုတွေ အလျင်အမြန်လုပ်ဆောင်နေစဉ်မှာပဲ လူဦးရေ ၆၀၀၀ နီးပါးကို ဘေးလွတ်ရာ ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်စေခဲ့ပါတယ်။

နိုင်ငံပိုင် ဆင်ဟွာသတင်းဋ္ဌာနရဲ့ ဖော်ပြချက်အရ တရုတ်နိုင်ငံရဲ့ ဒုတိယအကြီးဆုံး ရေချိုကန်ဖြစ်တဲ့ Dongting Lake မှာ ကျိုးပေါက်မှုဖြစ်ခဲ့ပြီး သောကြာနေ့ မွန်းလွဲပိုင်းမှာ ရေတွေပေါက်ထွက်မှုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ပေ ၇၄၀ အရှည်ရှိ ရေကျော်ကျိုးပေါက်မှုကြောင့် ဒေသခံ လူဦးရေ ၅၇၀၀ ခန့်ကို အာဏာပိုင်တွေက ဘေးလွတ်ရာ ရွှေ့ပြောင်းစေခဲ့ရပြီး စနေနေ့(ဇူလိုင် ၆) ရက် အစောပိုင်းအထိတော့ ထိခိုက်ဒဏ်ရာရတဲ့ သတင်းတွေမရှိခဲ့ကြောင်း သိရပါတယ်။

ကျိုးပေါက်ခဲ့တဲ့နေရာကနေ ရေတွေ လှိမ့်ထွက်နေခြင်း၊ ကုန်တင်ကားတွေ တိမ်းမှေ-ာက်နေခြင်းနဲ့ နေအိမ်တွေ ရေနစ်မြု-ပ်နေခဲ့တာကို အခင်းဖြစ်ဧရိယာမှာ ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်တွေမှာ တွေ့ရပါတယ်။ ကန်ကျိုးပေါက်မှုကို စီမံဖြေရှင်းနိုင်ဖို့နဲ့ ရေဘေးကူညီကယ်ဆယ်ရေးတို့အတွက် အရေးပေါ် စီမံခန့်ခွဲရေးဝန်ကြီးဋ္ဌာနက ဝန်ထမ်း ၈၀၀ ကျော်၊ ယာဉ်စီးရေ ၁၅၀ ကျော်၊ လှေ ဒါဇင်နဲ့ချီကာ ပေးပို့ထားတယ်လို့ ဆင်ဟွာက ဖော်ပြခဲ့ပါတယ်။

ရေကြီးရေလျှံမှုကို ဟန့်တားနိုင်ဖို့အတွက် ကယ်ဆယ်ရေးလုပ်သား ၂၃၀၀ ကျော်က ဒုတိယမြောက် အကာအကွယ်လိုင်းကို တည်ဆောက်နေတယ်လို့လည်း ဆိုပါတယ်။ ရေလွှမ်းမိုးမှု ကြိုတင်ကာကွယ်ရေးလိုအပ်ချက်အရ ဟူနန်ပြည်နယ် ဟွာရွန်ကောင်တီအတွင်း ဖြတ်သန်းတဲ့ လမ်းများအားလုံးကို တစ်စိတ်တစ်ပိုင်း ပိတ်ထားလိုက်ကြောင်း အာဏာပိုင်တွေက စနေနေ့မှာ ပြောဆိုပါတယ်။

ယင်းဒေသဟာ လူဦးရေ သန်းဝက်ခန့်နေထိုင်တဲ့ ဧရိယာတစ်ခုလို့ သိရပါတယ်။

လူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရေးအလို့ငှာ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး အစီအမံအားလုံး ထုတ်သုံးကြဖို့ သမ္မတ ရှီကျင်းပင်က ညွှန်ကြားထားတယ်လို့ ဆင်ဟွာက ဖော်ပြခဲ့ပါတယ်။

Ref: DW


LEAVE A REPLY

Please enter your comment!
Please enter your name here