ဘရာဇီးကစားသမားများဖြင့် ပွဲထွက်လာသည့် ရခိုင်ယူနိုက်တက်အသင်း ရန်ကုန်ယူနိုက်တက်အသင်းကို ဂိုးပြတ်ဖြင့် ရှုံးနိမ့်

0
135

ယခု ၂၀၂၄-၂၅ မြန်မာနေရှင်နယ်လိဂ်ဂ်ြိုင်ပွဲ ရာသီအဖွင့်ပွဲစဉ်တွင် ဘရာဇီးကစားသမားများဖြင့် ပွဲထွက်လာသည့် ရခိုင်ယူနိုက်တက်အသင်းမှာ ရန်ကုန်ယူနိုက်တက်အသင်းအား (၂)ဂိုး ဂိုးမရှိ ဂိုးပြတ်ဖြင့်ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

ယနေ့ ဇူလိုင်(၆)ရက် ညနေပိုင်းတွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့ ရန်ကုန်မြို့ရှိ YUSC ကွင်းအတွင်း ယှဉ်ပြိုင်ကစားခဲ့ကြခြင်း ဖြစ်သည်။

ပွဲစဉ် ပထမပိုင်းအချိန်၌ပင် ရန်ကုန်ယူနိုက်တက်အသင်းက တစ်ဂိုး ဂိုးမရှိဖြင့် ဦးဆောင်လျက်ရှိပြီး ယင်းသွင်းဂိုးကို ရန်ကုန်ယူနိုက်တက်အသင်းခေါင်းဆောင် ဒေးဗစ်ထန်းက ပွဲချိန် (၃၄) မိနစ်တွင် သွင်းယူခဲ့ခြင်းဖြစ်ရာ ယခုနှစ် မြန်မာနေရှင်နယ်လိဂ်ဘောလုံးရာသီ၏ ပထမဆုံးသွင်းဂိုးအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်သည်။

အလားတူ ဒုတိယပိုင်း ပွဲချိန်(၈၂)မိနစ်တွင် ကွင်းလယ်ကစားသမား ဇော်ဝင်းသိန်းက (၁)ဂိုးထပ်မံသွင်းယူခဲ့ရာ ပွဲချိန်ပြီးဆုံးချိန်တွင် ရခိုင်ယူနိုက်တက်အသင်းအား (၂)ဂိုး ဂိုမရှိဖြင့် အနိုင်ရရှိခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းအနေဖြင့် အသင်း၏ အမာခံ ကစားသမားများဖြစ်သည့် ကြည်လင်း၊ လှိုင်းဘိုဘို၊ ဝေလင်းအောင်အပါအဝင် အခြားတိုက်စစ်မှူး ကစားသမားကောင်းများပါဝင်သည့် (၂၉)ဦးဖြင့် စုဖွဲ့ထားသည်ကို တွေ့ရသည်။

ယနေ့ ပွဲဦးထွက် ရှုံးနိမ့်ခဲ့ရသည့် ရခိုင်အသင်းအနေဖြင့်လည်း ဘရာဇီးနိုင်ငံသားကစားသမား TATOနှင့် DOUGLAS တို့အသစ် ထပ်မံပါဝင်လာသည်ကို တွေ့ရပြီး၊ ၎င်းတို့ နှစ်ဦးအပါအဝင် ပြည်တွင်းကစားသမား (၂၅)ဦးဖြင့် ပွဲထွက်လာခဲ့ကြခြင်းဖြစ်သည်။

၂၀၂၄-၂၀၂၅ မြန်မာနေရှင်နယ်လိဂ် ရာသီအဖွင့် Week (1) ပွဲစဉ်များကို ဇူလိုင် (၆ )ရက်မှ (၈)ရက်အထိ (၃)ရက်ကြာ အသီးသီး ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။

ယခုနှစ် ကျင်းပမည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲသည် (၁၅) ကြိမ်မြောက်ရှိပြီဖြစ်ကာ ၂၀၂၄ ဇူလိုင်လ (၆) ရက်မှ ၂၀၂၅ ဖေဖော်ဝါရီလ (၁၆) ရက်ထိ (၈) လကြာ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here