တူရကီကို အနိုင်ယူကာ နယ်သာလန် က ဆီမီးတက်ခဲ့၊ဆွစ်ဇာလန်ကို ပင်နယ်တီအဆုံးအဖြတ်မှ အနိုင်ရခဲ့တဲ့ အင်္ဂလန်

0
130

ဆက်လက်ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရို ၂၀၂၄ ကွာတားဖိုင်နယ်ပွဲစဉ်တွေမှာတော့ နယ်သာလန်က တူရကီကို ခက်ခက်ခဲခဲ့ ယှဉ်ပြိုင်ကစားကာ ၂-၁ ဂိုးနဲ့ နိုင်ပြီး ဆီမီးတက်ခဲ့သလို နာမည်ကြီး အင်္ဂလန်ကတော့ ဆွစ်ဇာလန်ကို ပင်နယ်တီ အဆုံးအဖြတ်ရောက်မှသာနိုင်ပြီး ဆီမီးတက်ခဲ့တာတွေ့ရပါတယ်။

ဒီနေ့ပွဲမှာ တူရကီတို့ရဲ့ မာကြောကောင်းမွန်တဲ့ ခြေစွမ်းကြောင့် နယ်သာလန်နဲ့ အပြန်အလှန်တုန့်ပြန်ကစားနိုင်ခဲ့ပြီး ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။ ဦးဆောင်ဂိုးကိုလည်း တူရကီတို့ကပဲ ရရှိခဲ့ပြီး ပွဲချိန် ၃၅ မိနစ်မှာ ညာခြမ်းက ဖြတ်တင်ပေးပို့မှုကို နောက်ခံလူ အကင်ဒင်ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။

ဦးဆောင်ဂိုးရခဲ့ပြီးနောက် တူရကီတို့ ခံစစ်ကို ပိုမိုအားပြုလာခဲ့ပြီး နယ်သာလန်တို့ကတော့ တိုက်စစ်မှူး ဗက်ဟော့ချ်ကို လူစားလဲထည့်သွင်းကာ ချေပဂိုးရဖို့ တိုက်စစ်မြှင့်ခဲ့ပါတယ်။ ပွဲချိန် မိနစ် ၇၀ မှာ နယ်သာလန်နောက်ခံလူ ဒီဗာရက်က ခေါင်းတိုက်ပြီး ချေပဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ယင်းနောက်ပိုင်း အနိုင်ဂိုးရဖို့ နှစ်သင်းလုံး တိုက်စစ်ဖွင့် ကစားလာတာကြောင့် ပွဲက အကြိတ်အနယ်ဖြစ်ခဲ့ပြီး ဂိုးကန်သွင်းခွင့်တွေလည်း ရရှိခဲ့ကြပါတယ်။ ပွဲချိန် ၇၆ မိနစ်မှာတော့ ညာခြမ်းက ခင်းပေးတဲ့ ဘောလုံးကို တူရကီနောက်ခံလူနဲ့ နယ်သာလန်တိုက်စစ်မှူး ဂတ်ပိုတို့ ယှဉ်လုကြရာမှ တူရကီနောက်ခံလူနဲ့ထိကာ ဂိုးဝင်သွားလို့ နယ်သာလန်တို့ အနိုင်ဂိုးရခဲ့ပါတယ်။ အရှုံးဂိုးကို ချေပဖို့ တူရကီက တရစပ်တိုက်စစ်ဆင်ကစားခဲ့ပေမယ့် ဂိုးရရှိခြင်းမရှိတော့ဘဲ ၂-၁ ရလဒ်နဲ့ပဲ ပွဲပြီးခဲ့ပါတယ်။

တစ်ဖက်က အင်္ဂလန်နဲ့ ဆွစ်ဇာလန်တို့ပွဲမှာလည်း ဆွစ်ဇာလန်က ဦးဆောင်ဂိုးစသွင်းခဲ့တာကြောင့် အင်္ဂလန်တို့ ထုံးစံအတိုင်း နောက်ကလိုက်ကစားခဲ့ရပါတယ်။ ပထမပိုင်းမှာ နှစ်သင်းစလုံး ဂိုးသွင်းနိုင်ခြင်းမရှိဘဲ ဒုတိယပိုင်းမှသာ သွင်းယူခဲ့ကြတာဖြစ်ပါတယ်။

ဒုတိယပိုင်း ၇၅ မိနစ်မှာ ဆွစ်ဇာလန်တို့ ဦးဆောင်ဂိုးရခဲ့ပြီး ညာခြမ်းက ဖြတ်တင်ပေးပို့မှုကို တိုက်စစ်မှူး အမ်ဘိုလိုက ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။ ယင်းနောက် အင်္ဂလန်တို့ လူစားလဲမှုတွေလုပ်ကာ တိုက်စစ်မြှင့်ကစားခဲ့လို့ အခွင့်အရေးတွေရလာခဲ့ပါတယ်။ ပွဲချိန် မိနစ် ၈၀ မှာတော့ ဆာကာရဲ့ လှပကောင်းမွန်တဲ့ ကန်ချက်နဲ့ အင်္ဂလန်တို့ ချေပဂိုးရသွားခဲ့ပါတယ်။ မိနစ် ၉၀ ပြည့်တဲ့အထိ ၁-၁ သရေကျနေခဲ့လို့ အချိန်ပိုထပ်ကစားခဲ့ပါတယ်။ အချိန်ပိုမှာလည်း နှစ်သင်းလုံး ကန်သွင်းခွင့်တွေရပေမယ့် ဂိုးသမားတွေ ကာကွယ်နိုင်ခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူရဖို့ ဖြစ်လာခဲ့ပါတယ်။

ပင်နယ်တီ အဆုံးအဖြတ် ကန်သွင်းကြရာမှာ အင်္ဂလန်ဘက်က ကန်သွင်းတဲ့ ၅ လုံးစလုံး ဂိုးဝင်ခဲ့ပြီး ဆွစ်ဇာလန်နောက်ခံလူ အကန်ဂျီရဲ့ ကန်သွင်းချက်ကို ဂိုးသမား ပစ်ဖို့ ပုတ်ထုတ်ကာကွယ်နိုင်ခဲ့တာကြောင့် အင်္ဂလန်တို့ ၅-၃ ဂိုးနဲ့နိုင်ပြီး ဆီမီးတက်ခဲ့ပါတယ်။

ဒီနေ့နိုင်ပွဲအသီးသီး ရရှိခဲ့ကြတဲ့ နယ်သာလန်နဲ့ အင်္ဂလန်တို့ ဆီမီးမှာ တွေ့ဆုံရမှာဖြစ်ပြီး ပွဲကောင်းတစ်ပွဲဖြစ်လာဖို့ မျှော်လင့်ရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here