ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသ သန့်ရှင်းသာယာလှပ၍ ဒြပ်ရှိယဉ်ကျေးမှု အမွေအနှစ်များ ရေရှည်တည်တံ့စေရန် ထိန်းသိမ်းဆောင်ရွက်နေ

0
148

ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသ သန့်ရှင်းသာယာလှပ၍ ဒြပ်ရှိယဉ်ကျေးမှု အမွေအနှစ်များ ရေရှည်တည်တံ့စေရန် ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန(ပုဂံဌာနခွဲ)မှ သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ရွှေဆံတော်၊ ဓမ္မရာဇက၊ ထီးလိုမင်းလို၊ မြစေတီ၊ မနုဟာ၊ ဓမ္မရံကြီး၊ မဟာဗောဓိ၊ စူဠာမဏိ၊ ပြဿာဒ်ကြီး၊ သိကြားပုန်း၊ ပံ့သကူမဟာထေရ် စသည့် ရှေးဟောင်းဘုရား (၁၁) ဆူတွင် မတ်လ ပထမပတ်က မိုးကြိုးလွှဲများ တပ်ဆင်မှုပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။

ရှေးဟောင်းယဉ်ကျေးမှုဒေသ ပရိဝုဏ် အတွင်း၌ သန့်ရှင်းသာယာလှပစေရန် ခြုံနွယ်များရှင်းလင်းခြင်း၊ လမ်းဘေး ဝဲ/ယာ သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ အမှိုက်ကန်ကြီးများနှင့် အမှိုက်ပုံးများ ထားရှိခြင်းတို့ကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ထောက်ပံ့မှုဖြင့် လာမည့်ပွင့်လင်းရာသီတွင် ပုဂံယဉ်ကျေးမှု ဒေသ၏ အလှနှင့် သန့်ရှင်းသာယာလှပမှုကို ပိုမိုလာမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြည်တွင်း၊ ပြည်ပ ခရီးသွားများ လေ့လာကြည့်ရှုရာတွင် အဆင်ပြေချောမွေ့စေရန် စူဠာမဏီနှင့် ထီးလိုမင်းလို ဘုရားဝင်းအတွင်း၌ အုတ်၊ သဲကျောက်ပြားတို့ဖြင့် ပတ်လမ်း၊ လျှောက်လမ်း ဖော်ဆောင်ခြင်းနှင့် ပတ်လမ်းနှင့် ဘုရားအကြား လစ်လပ်နေသောနေရာများ ခင်းကျင်းခြင်းလုပ်ငန်းကို အဆိုပါ ဘုရားများမှ တာဝန်ရှိသူများက ဆောင်ရွက်သွားမည်ဖြစ်ပြီး ရွှေစည်းခုံစေတီတော်မြတ်အား လုံးတော်ပြည့် ရွှေစင်ရွှေပြား ကပ်လှူခြင်းနှင့် လမ်းညွှန်အမှတ်အသားများ အသစ်ပြန်လည်ဆောင်ရွက်ခြင်းနှင့် ရုပ်စုံ ကျောင်းနှင့် ဦးကြံပေါ်တန်ဆောင်း ပြုပြင်နေကြောင်း သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် မိုးရာသီ၌ ခရီးသွားဝင်ရောက်မှု နည်းသော်လည်း နေ့စဉ်ခရီးသွား မပြတ်ဝင်‌ ရောက်လျက်ရှိပြီး ပွင့်လင်းရာသီဖြစ်သည့် အောက်တိုဘာလမှစတင်၍ ခရီးသွားကဏ္ဍ ပြန်လည် ကောင်းမွန်လာမည်ဖြစ်ကြောင်း ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီများက ခန့်မှန်းထားကြောင်း သိရသည်။

Photo-KMW


LEAVE A REPLY

Please enter your comment!
Please enter your name here