နိုင်ငံ့အရေးကို စိတ်ဝင်စားသည့် လူငယ်များ၊ လုပ်ငန်းရှင်များကို တွဲခေါ်ရန် နစက ဥက္ကဋ္ဌပြော

0
140

နိုင်ငံ့အရေးကို စိတ်ဝင်စားသည့် လူငယ်များ၊ လုပ်ငန်းရှင်များကို လက်တွဲခေါ်၍ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ဇူလိုင် (၅)ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၅/၂၀၂၄)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် နစကဥက္ကဋ္ဌက ဘဏ်များနှင့် ပတ်သက်၍လည်း ဘဏ်စနစ်ကို ပြည်သူများယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ကာ ပြည်နယ်နှင့် တိုင်း‌ဒေသကြီးအလိုက် ဖွင့်လှစ်ထားသည့် ဘဏ်များကိုလည်း စနစ်တကျစိစစ်ကြပ်မတ်ဆောင်ရွက်ရန်လည်း လိုအပ်ကြောင်း ပြောသည်။

ဘဏ်များအနေဖြင့်လည်း ဥပဒေကိုကျော်လွန်၍ လုပ်ဆောင်မှုများရှိပါက နိုင်ငံ့စီးပွားရေးအတွက် အန္တရာယ်ရှိသဖြင့် စည်းမျဉ်းစည်းကမ်းနှင့်အညီဖြစ်စေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ပါဝင်သည်။

ထိုနည်းတူ INGO ၊ NGO များ နှင့်ပတ်သက်၍လည်း အသင်းအဖွဲ့များစည်းကမ်းနှင့်အညီ စိစစ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လူမှုအဖွဲ့အစည်းများကို အကြောင်းပြကာ စည်းကမ်းဖောက်ဖျက်မှုများရှိသဖြင့် INGO ၊ NGO နှင့်ပတ်သက်၍ စိစစ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ပြည်ပနှင့် ပတ်သက်သည့်ကိစ္စရပ်များတွင် မိမိတို့အနေဖြင့် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒနှင့်အညီ ကျင့်သုံးလျက်ရှိကြောင်း၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ်ပေါ်တွင်အခြေခံ၍ နိုင်ငံအားလုံးနှင့် မိတ်ဝတ်မပျက်ဆက်ဆံရေးမူဝါဒကို ကျင့်သုံးလျက်ရှိကာ ပြည်ပနိုင်ငံများနှင့်နယ်နိမိတ်ထိစပ်နေသည့် ပြည်နယ်နှင့်တိုင်းဒေသကြီးများ၊ ဆက်ဆံဆောင်ရွက်နေရသည့် ဝန်ကြီးဌာနများအနေဖြင့် နိုင်ငံတော်၏ နိုင်ငံခြားရေးမူဝါဒနှင့်အညီ မှန်မှန်ကန်ကန်ဖြင့်ဆက်ဆံဆောင်ရွက်ရန် လိုအပ်သည်ဟု နစကဥက္ကဋ္ဌက ပြောကြားခဲ့သည်။

ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၅/၂၀၂၄) အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့်တက်ရောက်ခဲ့ကြခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here