ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေစောင့်ရေယာဉ်များကို မြန်မာဘက်ခြမ်းမှ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့မှုသည် AA လက်နက်ကိုင်အဖွဲ့သာဖြစ်သည်ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အသိပေး

0
234

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကမ်း‌ခြေစောင့် ရေယာဉ်အပါအဝင် အရပ်ဘက်လှေများအား မြန်မာဘက်ခြမ်းမှ လက်နက်ငယ်များဖြင့် (၃)ကြိမ်တိုင် ပစ်ခတ်ခဲ့မှုသည် ဒေသတွင်း AA
လက်နက်ကိုင်အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ယနေ့ ဇူလိုင်(၇)ရက်တွင် ထုတ်ပြန်အသိပေးထားသည်။

သတင်းမှန်ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနာ့ဖ်မှ စိန့်မာတင်ကျွန်းသို့ ကူးသန်းသွားလာနေသည့် ဘင်္ဂလားဒေ့ရှ်ရေယာဉ်များအနက် ဇွန်လ (၅ )ရက် ညနေ (၅)နာရီ (၄၅) မိနစ်ခန့်တွင် ဘင်္ဂလားဒေ့ရှ် အစိုးရဝန်ထမ်းများ တင်ဆောင်လာသည့် ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်ရေယာဉ်ကို ပစ်ခတ်မှုသည် AA လက်နက်ကိုင်အဖွဲ့သာဖြစ်သည်ဟုဆိုသည်။

အလားတူ ဇွန်လ (၈) ရက်၊ နေ့လယ် (၁၂) နာရီခန့်တွင် ဘင်္ဂလားဒေ့ရှ် အရပ်ဘက် လှေနှစ်စင်းကိုလည်းကောင်း၊ ဇွန်လ (၁၁) ရက် နံနက် (၁၀) နာရီခွဲခန့်တွင် ဘင်္ဂလားဒေ့ရှ် အရပ်ဘက် လှေနှစ်စင်းကိုလည်းကောင်း မြန်မာဘက်ခြမ်းရှိ
ရခိုင်ပြည်နယ်၊ ညောင်ပင်ကြီး-ဂျင်းချောင်း ဒေသဘက်မှ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်များ အသီးသီး ဖြစ်ပွားခဲ့ပြီး ယင်းပစ်ခတ်မှုသည်လည်း AA အဖွဲ့၏ လက်ချက်ပင်ဖြစ်သည်ဟု အသိပေးထားသည်။

တပ်မတော်အနေဖြင့် အဆိုပါ တိုက်ခိုက်မှု ဖြစ်စဉ်များအား စိစစ်ရာတွင် မြန်မာ့တပ်မတော်စစ်ကြောင်းများသည် ရခိုင် ပြည်နယ်၊ နှာခေါင်းတိုချောင်းဝ ဒေသဝန်းကျင်၊ အလယ်သံကျော်နှင့် မောရဝတီ ဝန်းကျင်၌ လည်းကောင်း၊ အချို့စစ်ကြောင်းများသည် မောင်တောဒေသတဝိုက်၌ လည်းကောင်း အခြေပြုခြင်း၊ AA အဖွဲ့နှင့် အပြန်အလှန်ပစ်ခတ်ခြင်းအချို့သာရှိခဲ့ပြီး ယခုဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နေရာတဝိုက်တွင် မြန်မာ့တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် စစ်ကြောင်းများ မရှိကြောင်း သိရှိရသည်ဟု အသိပေးချက်တွင်ပါရှိသည်။

အလားတူ မြန်မာ့တပ်မတော် စစ်ရေယာဉ်များသည် ဇွန်လ (၅) ရက်နှင့် (၁၁)ရက်တွင် လှုပ်ရှားမှုမရှိခဲ့ဘဲ ဇွန်လ (၈) ရက်တွင် အလယ်သံကျော်၊ နှာခေါင်းတိုချောင်းဝမှ မောင်တောဒေသသို့ သွားရောက်သည့် ခရီးစဉ်ရှိခဲ့ပြီး ၎င်းခရီးစဉ်မှာလည်း ညပိုင်းတွင် သွားရောက်ခဲ့သည့် ခရီးစဉ်များဖြစ်ကြောင်း ဖြည့်စွက်အသိပေးထားသည်။

ဘင်္ဂလားဒေ့ရှ်ရေယာဉ်များ ပစ်ခတ်ခံရသည့် အချိန်များတွင် ၎င်းနေရာဝန်းကျင်၌ တပ်မတော်စစ်ကြောင်းများ၊ စစ်ရေယာဉ်များ လှုပ်ရှားသွားလာခြင်း မရှိကြောင်းနှင့် စိစစ်ချက်များအရ AA အဖွဲ့များက ပစ်ခတ်ခဲ့ခြင်းသာဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အစိုးရ၊ တပ်မတော်အချင်းချင်း ရင်းနှီးသောဆက်ဆံမှုများရှိပြီး နှစ်နိုင်ငံနယ်ခြားဒေသ စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာကျင့်သုံးလျက်ရှိကြောင်းလည်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here