ပြည်တွင်းရှိ ဘဏ်များ ပုံမှန်လည်ပတ်လျက်ရှိပြီး ငွေကြေးနှင့်ပတ်သက်၍ စိုးရိမ်စရာမရှိဟုဆို

0
395

ပြည်တွင်း၌ ငွေကြေးပြတ်တောက်မှုများကြောင့် ငွေစက္ကူ ရိုက်နှိပ်မှုများ ဆောင်ရွက်နေရသည့်ကောလာဟလ၊ ဘဏ်များအား အရေးယူမှုများ လုပ်ဆောင်လာနိုင်ကြောင်း မဟုတ်မမှန်သတင်းများ ဖြန့်ဝေနေမှုနှင့် ပတ်သက်၍ ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းက အစိုးရအနေဖြင့် ဗဟိုဘဏ်၏ သတ်မှတ်ချက်၊ ညွှန်ကြားချက်များအား လိုက်နာမှုမရှိဘဲ ကျော်လွန်ဆောင်ရွက်ထားသည့် ပြည်တွင်း ပုဂ္ဂလိက ဘဏ်အချို့အား ငွေဒဏ်အရေးယူမှုများ ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်အသိပေးထားပြီး ဖြစ်သည်။

အဆိုပါ ဆောင်ရွက်ချက်အပေါ် အခွင့်ကောင်းယူကာ ပြည်တွင်းဘဏ်လုပ်ငန်းများ ကမောက်ကမ ဖြစ်စေရန်နှင့် ငွေကြေးဈေးကွက် ကမောက်ကမဖြစ်စေရန်နှင့် ပြည်သူလူထုအကြား အထိတ်တလန့်ဖြစ်စေရန် အချို့က မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ခဲ့ကြသဖြင့် ပြည်သူများစိုးရိမ်စိတ်ဖြစ်နေခြင်း ဖြစ်သည်။

ယင်းကဲ့သို့ မဟုတ်မမှန်သတင်းများရေးသားဖြန်ဝေမှုကို ယခုမှ ‌လုပ်ဆောင်ကြခြင်း မဟုတ်ဘဲ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲ ဖြစ်စဉ်ဖြစ်ပေါ်ပြီးနောက်ပိုင်း မကြာခဏ ဖြစ်ပေါ်နေခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလကလည်း ယင်းနှစ်အတွင်း၌ပင် ပြည်တွင်းဘဏ်များကို ပိတ်သိမ်းမည်ဟု သတင်းအမှားများလည်း ဖြန့်ဝေခဲ့ကြသလို လူထုကလည်းစိုးရိမ်စိတ်ဖြင့်အလုအယက်ငွေထုတ်ကြရာ ရာခိုင်နူန်းများ ပေး၍ ဖလှယ်ကြသည်အထိဖြစ်ခဲ့သည်ကို ကြုံခဲ့ကြပြီးဖြစ်သည်။

ယင်းကဲ့သို့ သတင်းအမှားများ ဖြန့်ဝေမှုနှင့် ပတ်သက်၍ ဗဟိုဘဏ်က ပြည်သူလူထုအား စိုးရိမ်စိတ် မရှိကြရန် ဘဏ်ဝန်ဆောင်မှုများ ပုံမှန်ရယူဆောင်ရွက်ကြရန် ထုတ်ပြန်ချက်များ ထုတ်ပြန်၍ အသိပေးခဲ့သည်ကို တွေ့ရသည်။

ထို့ပြင် နိုင်ငံတော်မှ အထိမ်းအမှတ်အနေဖြင့် ရိုက်နှိပ်ထုတ်ဝေသည့် ၂၀၀၀၀ တန် ငွေစက္ကူနှင့် ပတ်သက်၍လည်းမမှန်သတင်းများရေးသားဖြန့်ဝေကာ ငွေကြေးဈေးကွက်ပျက်ပြားစေရန် လုပ်ဆောင်ခဲ့မှုကြောင့် နိုင်ငံခြားငွေဈေးနှုန်းများ အဆမတန်မြင့်တက်မှုနှင့် ကြုံခဲ့ရသည်။

နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်း FATF ကလည်း ပြည်တွင်းဘဏ်များကိုစောင့်ကြည့်လေ့လာနေရာ အဆင့်သတ်မှတ်ချက်များကောင်းမွန်တိုးတက်လျှက်ရှိပြီးပူးပေါင်းဆောင်ရွက်မှုရှိသော နိုင်ငံအဖြစ်ထုတ်ပြန်ပေးလျှက်ရှိသည်။

လက်ရှိတွင်လည်း အလားတူဖြစ်စဉ်များကဲ့သို့ ဖြစ်ပေါ်ကာ ငွေကြေးဈေးကွက်ပျက်ပြားစေရန်နှင့် ဘဏ်လုပ်ငန်းများ ကမောက်ကမဖြစ်ပေါ်စေရန် ရည်ရွယ်၍ ရေးသားဖြန့်ဝေနေမှုများနှင့် ပတ်သက်၍ ပြည်သူများအနေဖြင့် မယုံကြည်ကြရန်နှင့် အစိုးရိမ်မလွန်ကြရန် ဗဟိုဘဏ်တာဝန်ရှိသူက အသိပေးပြောကြားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here