ဒေါပုံမြို့နယ်နှင့် သာကေတမြို့နယ်တို့ရှိ နေအိမ်များတွင် သိုလှောင်ထားသော ရေကန်များ၊ တိုင်ကီများ၊ အုတ်ကန်များအား Stock Solution ဖျော်၍ ကလိုရင်းဆေးခတ်ခြင်းများပြုလုပ်

0
547

ဝမ်းပျက်၊ ဝမ်းလျှောရောဂါ စတင်ဖြစ်ပွားသည့် ဒေါပုံမြို့နယ်နှင့် သာကေတမြို့နယ်တို့ရှိ နေအိမ်များတွင် သိုလှောင်ထားသော ရေကန်များ၊ တိုင်ကီများနှင့် အုတ်ကန်များအား Stock Solution ဖျော်၍ ကလိုရင်းဆေးခတ်ခြင်းများကို ယမန့်နေ့ ဇူလိုင် (၇) ရက်က ပြုလုပ်ခဲ့သည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ်နှင့် သာကေတမြို့နယ်တို့တွင် ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားမှု သတင်းအရ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် ဆရာဝန်များ၊ သူနာပြုများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများလည်း ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဒေါပုံမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက် ၊ အောင်သိဒ္ဓိ ဓမ္မာရုံတွင် ဖွင့်လှစ်ထားရှိသည့် ယာယီဆေးပေးခန်းသို့ ရောက်ရှိရာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးက ရောဂါထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ခြင်း၊ ကျန်းမာရေးပညာပေးခြင်း၊ နေအိမ်ရှိအခန်းများအားလုံးနှင့် အိမ်သာများကို ကလိုရင်းဆေးရည်ဖြင့် ကြမ်းတိုက်ခြင်း၊ သန့်ရှင်းရေးလုပ်ခြင်းများ ဆောင်ရွက်စေပြီး Water Purification Tablets များ ဖြန့်ဝေခြင်း၊ အလားတူရောဂါထပ်မံဖြစ်ပွားသူ ရှိ/မရှိ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နွယ်အေးရပ်ကွက်အတွင်း အိမ်သာတည် အသုံးပြုမှုများနှင့် ရေသုံးစွဲမှုအခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ နွယ်အေးရပ်ကွက်တွင် အိမ်ခြေ(၁၆၆) အိမ်၊ လူဦး ရေ (၆၄၆) ဦး နေထိုင်ကြပြီး သုံးရေအဖြစ် လက်နှိပ်တုံကင်ရေနှင့် မိုးရေအသုံးပြုကြကာ သောက်ရေအဖြစ် ရေသန့်ဘူးများကို အသုံးပြုကြကြောင်း သိရသည်။

ယင်းဝမ်း‌ပျက်ဝမ်းရောဂါကို ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်၊ သဲကွင်းကျူးကျော်နေရာတွင်စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများသည် အနော်မာရပ်ကွက် ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားနေအိမ်များတွင် သိုလှောင်ထားသော ရေကန်များ၊ တိုင်ကီများ၊ အုတ်ကန်များအား Stock Solution ဖျော်၍ ကလိုရင်းဆေးခတ်ခြင်း၊ Water Purification Tablets များ ခတ်ခြင်းနှင့် ဖြန့်ဝေခြင်း၊ ရောဂါဖြစ်ပွားသည့် နေအိမ်များမှ သောက်ရေနှင့် သုံးရေ – ရေနမူနာများယူ၍ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့ခြင်းလုပ်ငန်းများ ဆောင်ရွက်နေပြီး အလားတူ ရောဂါထပ်မံဖြစ်ပွားမှု ရှိ/မရှိ စောင့်ကြပ်ကြည့်ရှုနိုင်ရေးအတွက် အနော်မာရပ်ကွက် လမ်းသစ်(၂)လမ်း ရတနာသီရိဓမ္မာရုံတွင် ဆေးခန်းဖွင့်လှစ်ထားကြောင်း သိရသည်။

ဝမ်းပျက်၊ ဝမ်းလျှောခြင်းကြောင့် ဆေးရုံတက်လူနာ (၈) ဦး၊ ဆေးရုံပြင်ပလူနာ (၂) ဦး၊ ကျန်းမာရေးဌာနမှ ကွင်းဆင်း ကုသပေးစဉ် တွေ့ရှိခဲ့ရသော လူနာ(၂) ဦး၊ စုစုပေါင်း ဝမ်းပျက်၊ ဝမ်းလျှော လူနာဦးရေ (၁၂) ဦးရှိခဲ့ရာ ၎င်းတို့အနက်မှ တစ်ဦးသည် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် မဟုတ်ဘဲ ခုခံအားကျဆင်းမှု ရောဂါအခံရှိ၍ ‌ေ-သဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ရပ်ကွက်များအတွင်း ဆေးခန်းဖွင့်လှစ်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းကို ဆောင်ရွက်ထားရှိကြောင်းနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လူနာများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here