မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကို အပိုင်စီးမယ့် ယူကရိန်းရဲ့ အကြံအစည်အား ဟန့်တားနိုင်ခဲ့ကြောင်း ရုရှား ဖက်ဒရယ်လုံခြုံရေးဋ္ဌာန ပြောဆို

0
187

ရုရှား Tu-22M3 မဟာဗျူဟာ ဗုံးကြဲလေယာဉ်တစ်စင်းကို အပိုင်စီးကာ ယူကရိန်းသို့ ပျံသန်းစေမယ့် ယူကရိန်းရဲ့ ကြံစည်းအားထုတ်မှုတစ်ခုကို ရုရှား ဖက်ဒရယ်လုံခြုံရေးဋ္ဌာန(FSB) က စစ်ဆင်ရေးတစ်ခုဖြင့် ဟန့်တားချေဖျက်နိုင်ခဲ့တယ်လို့ FSB က တနင်္လာနေ့(ဇူလိုင် ၈) မှာ ပြောဆိုလိုက်ပါတယ်။

ရုရှား စစ်လေယာဉ်မှူးတစ်ဦးကို ဆုကြေးငွေနဲ့ အီတလီနိုင်ငံသားဖြစ်ခွင့် အခွင့်အရေးတို့ဖြင့် စည်းရုံးသိမ်းသွင်းကာ ဒုံးကျည်တပ်ဗုံးကြဲလေယာဉ်ကို မောင်းနှင်ပြီး ယူကရိန်းမှာ ဆင်းသက်စေဖို့ ယူကရိန်းထောက်လှမ်းရေးက ရည်ရွယ်ခဲ့တယ်လို့ ဆိုဗီယက်ခေတ် ကေဂျီဘီရဲ့ အဓိကဆက်ခံအဖွဲ့အစည်းဖြစ်တဲ့ FSB က ၎င်းတို့ရဲ့ ဝက်ဘ်ဆိုက်မှာ ပြောဆိုခဲ့ပါတယ်။

ဒီသတင်းအသေးစိတ်ကို လွတ်လပ်စွာ အတည်မပြုနိုင်သေးသလို ဒီကိစ္စအပေါ် မှတ်ချက်ပေးဖို့ တောင်းဆိုခဲ့မှုအား ယူကရိန်း လုံခြုံရေးရာဋ္ဌာနက တုန့်ပြန်ခြင်း မရှိသေးဘူးလို့ ရိုက်တာက ဆိုပါတယ်။

စစ်ဆင်ရေးအတွင်း ရုရှားက ရရှိခဲ့တဲ့ သတင်းအချက်အလက်တွေအရ ယူကရိန်းအနောက်မြောက်ပိုင်းရှိ Ozerne လေယာဉ်ကွင်းကို တိုက်ခိုက်ဖို့ သူ့တပ်ဖွဲ့တွေကို အထောက်အကူပြုခဲ့တယ်လို့ FSB က ၎င်းတို့ရဲ့ ထုတ်ပြန်ချက်မှာ ဆက်လက်ပြောဆိုခဲ့ပါတယ်။

စစ်ဆင်ရေးလုပ်ခဲ့ချိန်နဲ့ ယူကရိန်းရဲ့ Zhytomyr ဒေသရှိ Ozerne လေယာဉ်ကွင်းကို တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ အချိန်နှစ်ခုစလုံးကို ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ခြင်းတော့ မရှိပါဘူး။

Zhytomyr ဒေသဟာ တနင်္လာနေ့မှာ လေကြောင်းတိုက်ခိုက်မှု သတိပေးချက်အောက်မှာ ရှိနေခဲ့တယ်လို့ သိရပါတယ်။ နှစ်ဖက် အရာရှိတွေနဲ့ စစ်တပ်တွေက သတင်းဖြန့်ဝေရာအဖြစ် အကြီးအကျယ် အသုံးပြုနေတဲ့ တယ်လီဂရမ် အပါအဝင် ဆိုရှယ်မီဒီယာတွေပေါ်မှာတော့ Zhytomyr ဒေသမှာ ပေါက်ကွဲမှုတွေ ဖြစ်ပေါ်နေတယ်ဆိုတဲ့ သတင်းတွေ ဖော်ပြခဲ့ကြောင်း သိရပါတယ်။

Ref: ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here