ကချင်ပြည်နယ်အတွင်း မိုးကြီးမှုကြောင့် မြစ်ကြီးနား-ပူတာအို လမ်းပိုင်း နေရာအချို့ပျက်စီးကာ အတက်အဆင်းယာဉ်များ သွားလာ၍ မရတော့ဟု ဆို

0
132

ကချင်ပြည်နယ်အတွင်း မိုးကြီးမှုဖြစ်စဉ်ကြောင့် မြစ်ကြီးနား – ပူတာအို လမ်းပိုင်း နေရာအချို့ပျက်စီးခဲ့ရပြီး အတက်အဆင်းယာဉ်များ သွားလာ၍ မရတော့ကြောင်း မြစ်ကြီးနားမြို့ ဒေသခံယာဥ်မောင်းတစ်ဦးက ပြောသည်။

ထို့ကြောင့် လက်တလောတွင် မြစ်ကြီးနား – ပူတာအို ဒေသတွင်း ကုန်စည်စီးဆင်းမှု ယာယီပြတ်တောက်နိုင်ဖွယ်ရှိကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ လမ်းပိုင်းအချို့နေရာများတွင် သွားလာ၍ မရတော့ဘဲ ပျက်စီးနေခြင်း၊ မြေပြိုကျမှုများဖြစ်ပွား‌နေခြင်းများကြောင့် လမ်းပိတ်ဆို့မှုများဖြစ်ပေါ်ကာ အချို့သော ယာဉ်များ လမ်းပိုင်းအတွင်းမှာပင် သွားလာ၍မရသည့် အခြေအနေကြောင့် ရပ်တန့်နေကြကြောင်း ဆိုသည်။

” လမ်းပိုင်းတွေက ပြိုကျလုဆဲဆဲဖြစ်နေတာတွေ ပြိုကျနေတာတွေရှိနေတော့ ကားတွေ ဖြတ်မမောင်းရဲဘူးဖြစ်နေတယ်။ ရောက်တဲ့နေရာရပ်ထားရတာပေါ့။ မြစ်ကြီးနားဘက်ကလည်း တက်မလာတော့သလို ပူတာအိုဘက်ကလည်း မဆင်းမရတော့ဘူး။ လမ်းပိုင်းရောက်နေတဲ့ ကားအချို့ကတော့ အန္တရာယ်များတာကြောင့် ရောက်တဲ့နေရာ ရပ်ထားရတယ်လို့ သိရတယ်”ဟု မြစ်ကြီးနား-ပူတာအို ယာဉ်မောင်းတစ်ဦးကပြောသည်။

မြစ်ကြီးနား-ပူတာအို လမ်းပိုင်းပျက်စီးမှု အဆိုးဆုံးနေရာမှာ ဖုန်ဂျန်အနီး မြေပြိုမှုဖြစ်စဉ်ဖြစ်ပွားခဲ့သဖြင့် ဘက်ဟိုးများဖြင့် မြေဖို့ခြင်းများ ပြန်လည်လုပ်ဆောင်နေကြရကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်(၂၂)ရက်ကလည်း မြစ်ကြီးနား-ပူတာအိုကားလမ်းပိုင်း ဆွန်ဇွပ်နှင့် တန်ဂျာကျေးရွာအနီး ချောက်ကမ်းပါး မြေပြိုကျမှုကြောင့် အတက်အဆင်း ယာဉ်သွားလာမှုများကို ယာယီရပ်နားထားခဲ့ရသေးသည်။

မတ်လ (၈) ရက်က စတင်ခဲ့သည့် နှစ်ဘက်တိုက်ပွဲများနောက်ပိုင်း မြစ်ကြီးနား- ပူတာအိုကားသွားလမ်းပိုင်းအား ရက်အကန့်အသတ်မရှိ ဖြတ်သန်းခွင့် ပိတ်ထားခြင်းကြောင့် ပူတာအိုမြို့တွင် ကုန်ဈေးနှုန်းမြင့်တက်ခြင်း၊ အခြေခံစားသောက်ကုန်များ ပြတ်လပ်ခဲ့သည်အထိ နောက်ဆက်တွဲဆိုးကျိုးများ တဆက်တည်းခံစားခဲ့ကြရသည်။

ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းက နှစ်ဘက်တပ်များ ညှိနှိုင်းမှု အဆင်ပြေသဖြင့် မြစ်ကြီးနား-ပူတာအိုသွားလမ်းပိုင်းအား ယာဉ်စီးရေ ကန့်သတ်ချက်ဖြင့် စိစစ်‌ သွားလာခွင့်ပြုခဲ့‌ခြင်းဖြစ်သည်။

ဓာတ်ပုံ- အင်တာနက်


LEAVE A REPLY

Please enter your comment!
Please enter your name here