ဧရာဝတီမြစ်ရေ မြင့်တက်‌နေမှုကြောင့် ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာအချို့ သောက်သုံးရေ အခက်အခဲဖြစ်ပေါ်နေ

0
983

ယနေ့ ဇူလိုင် (၈)ရက်အထိ ဧရာဝတီမြစ်ရေ မြင့်တက်‌နေမှုကြောင့် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်နှင့် မတ္တရာမြို့အကြားတွင်ရှိသည့် ကျေးရွာအချို့ သောက်သုံးရေ ပြတ်လပ်မှု အခက်အခဲဖြစ်ပေါ်နေကြောင်း ယင်းဖြစ်စဉ်နေရာတွင် ရောက်ရှိနေသည့် ရေဘေးသင့်ကယ် ဆယ်ရေးတာဝန်ခံတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ဧရာဝတီမြစ်ရေမှတဆင့် ကျေးရွာများအတွင်း ရေဆိုးဝင်ရောက်မှုကြောင့် ရေဘုံဘိုင်နှင့် ရေကန်များ ပျက်ဆီးခဲ့ရသည့်အတွက် သောက်သုံးရေ အခက်အခဲဖြစ်ပေါ်နေခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုမှတဆင့် နောက်ဆက်တွဲ ဝမ်းပျက်ဝမ်းလျောရောဂါများမဖြစ်ပွားစေရန် အသိပညာပေးခြင်းအပြင် သောက်ရေသန့်နှင့် ဓာတ်ဆားထုပ်ကို လိုက်လံကူညီ ထောက်ပံ့ပေးနေကြော င်း သိရသည်။

“သောက်သုံးရေအတွက်က ဘုံဘိုင်တွေ ရေကန်တွေ ရေမြှပ်သွားပြီဆိုတော့ ဒေသခံတွေ သောက်မိရင် ဝမ်းပျက်ဝမ်းလျောရောဂါ ဖြစ်မှာစိုးတာကြောင့် သောက်သုံးရေကို အဓိကထားပြီးလုပ်ပေးနေပါတယ်။ ဝမ်းပျက်ဝမ်းလျောကတော့ အခုမဖြစ်သေးဘူး။ ဖြစ်မှာစိုးတာကြောင့် သောက်သုံးရေကို အဓိက လိုက်ကူညီပေးနေတာ”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် မန္တလေးတိုင်း ပုသိမ်ကြီးနှင့် မတ္တရာမြို့အကြား ကျေးရွာ(၁၂)ရွာခန့်တွင် မြစ်ရေဝင်ရောက်မှုကြောင့် ဒေသတွင်း ရေဘေးသင့်သူပြည်သူ (၁၀၀၀)ခန့်မှာ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေရကြောင်း သိရသည်။

” အခု မြစ်ရေက မြင့်တက်နေတုန်းဘဲ။ ဒါပေမဲ့ မနေ့ကထက်စာရင်တော့ ဒီနေ့ နည်းနည်း ကျလာတယ်လို့ ခန့်မှန်းတယ်။ အခု ကျွန်တော်တို့ ရေပြင်မှာပဲရှိနေပါတယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် လှိုင်းပေါက်ကျေးရွာ အပါအဝင် ဆင်ရွာကြီး၊ ဆူးခါး၊ ညောင်ကုန်း၊ ဆင်ရွာလေး၊ ကင်းရွာစသည့် ကျေး ရွာများတွင် သောက်သုံးရေးအခက်အခဲကြုံတွေ့နေရသည့်အပြင် ဓာတ်ဆားထုပ်များ လိုအပ်‌နေပြီး၊ အခြားကျေးရွာများတွင်လည်း ထို့နည်းတူပင်ဖြစ်သည်ဟု ၎င်းကဆိုသည်။

ဓာတ်ပုံ-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here