သုံးရက်အတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူ (၁၆၀) ကျော်ရှိလာ

0
359

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့မှ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူ သုံးရက်အတွင်း (၁၆၀) ကျော်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ပြောပြချက်အရ သိရသည်။

ဇူလိုင် (၇) ရက်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ဆေးရုံတက်ရောက် ကုသသူလူနာသစ် (၄၄) ယောက်၊ ဇူလိုင် (၆) ရက်တွင် လူနာသစ် (၆၃) ယောက်၊ ဇူလိုင် (၈) ရက်တွင် လူနာသစ် (၆၀) ယောက်ဖြစ်ပြီး ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါလူနာ(၁၀)ဦးဝန်းကျင်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ဇွန်လ (၂၅) ရက်မှစတင်၍ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါလက္ခဏာများဖြင့် လူနာအချို့ ဆေးရုံတက်ရောက်မှုများနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန၏ အနီးကပ်ကြီးကြပ်ပံ့ပိုးမှုနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်ပံ့ပိုးမှုတို့ဖြင့် ကွင်းဆင်းအဖွဲ့များသည် ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် စာသင်ကျောင်းများ၊ စက်ရုံ၊ အလုပ်ရုံများ၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများ၊ ဘိုးဘွားရိပ်သာများ၊ ပရဟိတဂေဟာများ၊ သင်တန်းကျောင်းများ၊ ဘော်ဒါဆောင်များတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်ဖြစ်ပွားမှုမရှိစေရေးအတွက် အထူးအလေးပေး ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ နေရာများတွင် ကျန်းမာရေး အသိပညာပေးခြင်း၊ သောက်ရေသန့်ရှင်းရေးအတွက် ရေသန့်ဆေးပြားများဝေငှခြင်း၊ သုံးရေသန့်ရှင်းရေးအတွက် ကလိုရင်းဆေးခတ်ခြင်း၊ အစားအစာချက်ပြုတ်ပြင်ဆင်ရာတွင် ကျန်းမာရေးနှင့် ညီညွတ်ရေး၊ လက်ဆေးရန်နေရာများထားရှိ၍ ရေနှင့်ဆပ်ပြာ အသင့်ထားရှိရေး၊ ယင်လုံအိမ်သာများ စနစ်တကျသုံးစွဲရေးစသည့် ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများအား နှီးနွှယ်ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင်ဈေးများမှတဆင့်လည်း ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဈေးများတွင် ပတ်ဝန်းကျင်သန့်ရှင်းမှုအား Checklist များအသုံးပြု၍စစ်ဆေးပြီး လိုအပ်ချက်များအား အမြန်ဆုံးဖြည့်ဆည်းပြုပြင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည်သူ့ဆေးရုံကြီးများတွင်လည်း ဝမ်းပျက်ဝမ်းလျှော ရောဂါလူနာများအား လိုအပ်သော ဆေးကုသမှုရရှိစေရေးအတွက် စနစ်တကျ ဆေးကုသမှုပေးလျက်ရှိပြီး ဆေးဝါးများကိုလည်း ပံ့ပိုးပေးခြင်းနှင့် ရောဂါပိုးထိန်းချုပ်ခြင်းလုပ်ငန်းများကို အထူးအလေးပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားသူ လူနာအားလုံး၏ အခြေအနေမှာ သက်သာကောင်းမွန်လျက် ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

ယခုတလောတွင်ဝမ်းပျက်ခြင်းအပြင် ရန်ကုန်တွင် လူအတော်များများ ဖျားနာနေကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here