အိန္ဒိယ လက်ရွေးစင် အမျိုးသမီးအသင်း ရန်ကုန်သို့ ရောက်ရှိနေပြီး ယနေ့ မြန်မာအသင်းနှင့် ခြေစမ်းပွဲကစားမည်

0
147

အိန္ဒိယလက်ရွေးစင် အမျိုးသမီးအသင်းသည် ရန်ကုန်မြို့သို့ရောက်ရှိနေပြီး ယနေ့ ဇူလိုင်(၉)ရက်၊ ညနေ(၄)နာရီ အချိန်တွင် ရန်ကုန်မြို့ ၊ သုဝဏ္ဏအားကစားကွင်း၌ မြန်မာအမျိုးသမီး လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲကစားသွားမည် ဖြစ်သည်။

အိန္ဒိယ အမျိုးသမီးအသင်းသည် ၂၀၁၉ ခုနှစ်က မြန်မာအသင်းနှင့် ခြေစစ်ပွဲ ဒုတိယအဆင့် ပွဲစဉ်အဖြစ် ရင်ဆိုင်ဖူးပြီး သုံးဂိုးစီ သရေကျခဲ့ဖူးသည်။

ယမန်နေ့က နှစ်ဖက်အသင်း၏ နည်းပြချုပ်များက ပွဲကြိုစကားပြောကြားခဲ့ပြီး ဇူလိုင် (၉) ရက်နှင့် ဇူလိုင် (၁၂) ရက်တွင် နှစ်ကျော့ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။

ယမန်နေ့က ကျင်းပသည့် ပွဲကြိုသတင်းစားရှင်းလင်းပွဲတွင် အိန္ဒိယအမျိုးသမီး လက်ရွေးစင်အသင်း နည်းပြချုပ် လန်ဂန်ချော်ဘာ ဒေဝီ က “ကျွန်မတို့ အသင်းအနေနဲ့ ဒီကိုလာပြီး ခြေစမ်းပွဲ မကစားမီမှာ ဥဇဘက်ကစ္စတန်နဲ့ ခြေစမ်းပွဲနှစ်ပွဲ ကစားလာခဲ့ပါတယ်။ ဒီနှစ်ထဲမှာ ခြေစမ်းပွဲ (၇) ပွဲလောက် ကစားခဲ့ပြီးပါပြီ။ အသင်းမှာ လူငယ်သွေးသစ် ကစားသမားတွေနဲ့ ဝါရင့် ကစားသမားတွေကို ပေါင်းစပ် ရွေးချယ်ထားပါတယ်။ ဒီခြေစမ်းပွဲနဲ့ပတ်သက်လို့ ပြောရရင်တော့ နည်းပြတိုင်းက အနိုင်ရချင်ကြတာချည်းပါပဲ။ မြန်မာအသင်းဟာ တောင့်တင်းတဲ့ အသင်းကောင်း တစ်သင်းပါ။ ကျွန်မတို့အနေနဲ့ ပြိုင်ဘက် အသင်းအပေါ် လေးစားမှုရှိပေမဲ့ အနိုင်ရလဒ်အတွက် အစွမ်းကုန် ကြိုးစားသွားမှာပါ။”ဟု ဆိုသည်။

အလားတူ မြန်မာအသင်း နည်းပြချုပ် မြန်မာအမျိုးသမီး လက်ရွေးစင်အသင်း နည်းပြချုပ် ကီတက်ဆူရို ကလည်း ” ကျွန်တော်တို့ အသင်းအနေနဲ့ မတ်လတုန်းက တစ်ကြိမ် စုစည်းပြီး လေ့ကျင့်ထားခဲ့ပါသေးတယ်။ အခုကစားမဲ့ အိန္ဒိယနဲ့ ခြေစမ်းပွဲ မတိုင်မီမှာတော့ ပြင်ဆင်ချိန် သုံးပတ်ခန့် ရရှိခဲ့ပါတယ်။ အသင်းအနေနဲ့ ဒီနှစ်ထဲမှာ နိုင်ငံတကာပွဲစဉ်တွေ နည်းပါးနေချိန်မှာ အိန္ဒိယလို အသင်းကောင်း တစ်သင်းနဲ့ ခြေ စမ်းပွဲ နှစ်ပွဲ ကစားရမှာဖြစ်လို့ သိပ်ကိုကောင်းမွန်တဲ့ အခွင့်အရေး ဖြစ်ပါတယ်။ ဒီအခွင့်အရေးကို တန်ဖိုးထားပြီးတော့လည်း ပြင်ဆင်သွားပါ့မယ်။ ကစားကွက်ကို နောက်တန်းကနေ သေချာပြင်ဆင် တည်ဆောက်ပြီးတော့ ရလာတဲ့ အခွင့်အရေးတွေကို ရှေ့တန်းကနေ အကောင်းဆုံး အသုံးချနိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။”ဟု ဆိုသည်။

ထို့နောက် နိုင်ငံတကာခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည့် မြန်မာအမျိုးသမီး လက်ရွေးစင်အသင်းနှင့် အိန္ဒိယ အမျိုးသမီး လက်ရွေးစင်အသင်းတို့က Official Training များ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ဓာတ်ပုံ – MFF


LEAVE A REPLY

Please enter your comment!
Please enter your name here