UNESCO အသိအမှတ်ပြု လူသားနှင့် ဇီဝအဝန်းနယ်မြေများအဖြစ် အင်းတော်ကြီးကန်နှင့် အင်းလေးကန်တို့ကို သတ်မှတ်နိုင်ခဲ့

0
147

အများပြည်သူအကြား သဘာဝ၏ တန်ဖိုးကို ပိုမိုနားလည်လာစေရန်ရည်ရွယ်၍ မြန်မာ့သဘာဝထိန်းသိမ်းရေးနယ်မြေများကို UNESCO အသိအမှတ်ပြု လူသားနှင့် ဇီဝအဝန်းနယ်မြေများအဖြစ် အင်းတော်ကြီးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောနှင့် အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတို့ကို UNESCO ၏ စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်နိုင်ခဲ့ကြောင်း နစက ဒုဥက္ကဌ ဒုတိယဗိုလ်ချုပ်မှူးကြီိး စိုးဝင်းက ပြောသည်။

ယမန်နေ့ ဇူလိုင်(၈)ရက်က တရုတ်ပြည်သူသမ္မတနိုင်ငံ ရှန်တုန်းပြည်နယ် ချင်းတောင်မြို့ရှိ Qingdao International Conference Center ၌ ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ စိမ်းလန်းသောဖွံ့ဖြိုးမှုဖိုရမ်တွင် နစက ဒုဥက္ကဋ္ဌက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အင်းတော်ကြီးကန်နှင့် အင်းလေးကန်တို့ကို ယူနက်စကိုအသိမှတ်ပြုသတ်မှတ်ရုံသာမက မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ခြင်း၊ သဘာဝထိန်းသိမ်းရေး နယ်မြေများတွင် ဇီဝမျိုးစုံမျိုးကွဲများအတွက် နေရင်းဒေသများ ပြန်လည်တည်ထောင်ခြင်း၊သစ်တောပြုန်းတီးခြင်းနှင့်သစ်တော အတန်းအစားကျဆင်းခြင်းမှ ကာဗွန်ထုတ်လွှတ်မှု လျော့ကျခြင်းတို့ကို ကာကွယ်နိုင်ရန်လည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း နစက ဒုဥက္ကဋ္ဌက ပြောသည်။

ထို့ပြင် ဒေသခံပြည်သူများ ပူးပေါင်းဆောင်ရွက်မှုဖြင့် အစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းများ တည်ထောင်ခြင်းနှင့် ပုဂ္ဂလိကကဏ္ဍမြှင့်တင်ရန်အတွက် ပုဂ္ဂလိက သစ်တောစိုက်ခင်း တည်ထောင်ခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိကာ ယခုနှစ် မိုးရာသီတွင်လည်း ပြည်သူများပူးပေါင်းဆောင်ရွက်မှုဖြင့် အစိမ်းရောင်လှုပ်ရှားမှုအဖြစ် သစ်ပင် (၂၂) သန်း တည်ထောင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ထ်ိုနည်းတူ ရှည်လျားသည့်ကမ်းရိုးတန်းဒေသနှင့် ကျယ်ပြန့်သည့် အဏ္ဏဝါတို့ကို ပိုင်ဆိုင်ထားသော မြန်မာနိုင်ငံအနေဖြင့် ပတ်ဝန်းကျင်အခြေခံကောင်းများရှိသည့်အတွက် အဏ္ဏဝါနှင့် ကမ်းရိုးတန်းအခြေပြု သယံဇာတအရင်းအမြစ်များ ရေရှည်တည်တံ့စွာ ထုတ်ယူသုံးစွဲနိုင်ရန် အပြာရောင်စီးပွါးရေးကဏ္ဍကိုလည်း ဆောင်ရွက်နေကြောင်း နစက ဒုဥက္ကဋ္ဌက ထည့်သွင်း ပြောကြားသွားသည်။

ထို့ကြောင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ ဘက်စုံစီမံအုပ်ချုပ်ခြင်း အစီအစဉ်ကို ပြဌာန်း၍ ကဏ္ဍအလိုက်ပေါင်းစပ် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ တစ်ဖက်က ရေရှည်တည်တံ့စွာ ထုတ်ယူမှုစီမံထားသကဲ့သို့ တစ်ဖက်တွင်လည်း ရေအောက်အဖိုးတန် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းထားမှုနှင့်အတူ မြန်မာ့ပင်လယ်ပြင်၏ တောင်ပိုင်းတလျှောက် ရေပေါ်ရေအောက် လှည့်လည်ကြည့်ရှုလေ့လာနိုင်ရေးကိုလည်း အစိမ်းရောင်ခရီးသွားမြှင့်တင်ရေးကဏ္ဍအဖြစ် စီမံဆောင်ရွက်ထားကြောင်းနှင့် လာရောက်လေ့လာနိုင်ပါကြောင်းလည်း နစကဒုဥက္ကဌက တက်ရောက်လာသည့် အဖွဲ့ဝင်နိုင်ငံများကိုလည်း ဖိတ်ခေါ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲများသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အတူ အဖွဲ့ဝင်အဖြစ်လိုက်ပါလာသည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဆန်းဦးတို့ တက်ရောက်ဆွေးနွေးလျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here