ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ၌ မြန်မာ့ဒေသရင်း ငှက်မျိုးစိတ် (၇)မျိုး လေ့လာနိုင်

0
142

မြန်မာနိုင်ငံတွင် ဒေသမျိုးရင်းငှက် ကိုးမျိုးရှိသည့်အနက် ပုဂံရှေးဟောင်းယဉ်ကျေးမှု ဇုန်အတွင်း စွေ့၊ ဘီလုံး၊ ငှက်မင်းသားဝမ်းဖြူ၊ ဧရာဝတီဗွတ်ချွဲ၊ ချိုးလင်းပြာ၊ နဖားကြူးအမြီးဝိုင်းနှင့် ငှက်လက်မ မြီးရှည်ညိုတို့ကို ပုဂံမြို့လောကနန္ဒာဥယျာဉ်အတွင်းနှင့် ပုဂံရှေးဟောင်းယဉ်ကျေးမှု ဇုန်အတွင်း တွေ့နိုင်ကြောင်း သိရသည်။

အဆိုပါ မြန်မာ့ဒေသရင်း ရှားပါးငှက်မျိုးစိတ် ခုနစ်မျိုးကို ငှက်ချစ်သူများ၊ ငှက်ဝါသနာရှင်များနှင့် သတ္တဗေဒ ကျောင်းသားကျောင်းသူများအနေဖြင့် ပုဂံ – ညောင်ဦး ရှေးဟောင်း ယဉ်ကျေးမှုဇုန် ခရီးစဉ်အတွင်း လေ့လာတွေ့ရှိနိုင်ကြောင်း ဧည့်လမ်းညွှန်အသင်း (ပုဂံဇုန်) နာယက ဦးဇော်ဝင်းချိုက ပြောသည်။

ဘီလုံးငှက်မှာ လောကနန္ဒာဘေးမဲ့တော ဥယျာဉ်အတွင်း အမြဲနေထိုင်ကျက်စားလေ့ရှိပြီး အစားအစာ ပေါများခြင်း၊ လုံခြုံမှုရှိသည့်အတွက် အကောင်ရေတိုးပွားလာကြောင်း သိရသည်။

ဥယျာဉ်တစ်ခုလုံး အနှံ့အပြား တွေ့ရတတ်သော်လည်း ချုံပင်များပေါသော ကွင်းပြင်နေရာတွင် အများဆုံး ကျက်စားကာ အသိုက်လုပ် ဥ ဥခြင်းများကို ပြုလုပ်လေ့ရှိကြကြောင်း သိရသည်။

စွေ့ငှက်မှာ ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်အတွင်း အမြဲနေထိုင်ကျက်စားလေ့ရှိပြီး အစာရေစာပေါများကာ လုံခြုံမှုရှိခြင်းကြောင့် အကောင်ရေတိုးပွားလာခဲ့ပြီး လူများနှင့် ယဉ် ပါးလွယ်၍ လူနေအိမ်များ အနီးသို့ပင် လာရောက်ကျက်စားနေထိုင်ကြကြောင်း သိရသည်။

လောကနန္ဒာ ဘေးမဲ့တောဥယျာဉ် ဝန်ထမ်းများ ကွင်းဆင်းလေ့လာချက်အရ စွေ့ငှက်ကောင်ရေ (၅၅ဝ) ခန့် ရှိမည်ဟု ခန့် မှန်းထားကြောင်း သိရသည်။

ငှက်မင်းသားဝမ်းဖြူ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းဒေသအတွင်း အမြဲနေထိုင် ကျက်စားလေ့ရှိကြောင်း၊ ကွင်းပြင်များတွင်လည်း အများဆုံးတွေ့ရသည့် ငှက်ဖြစ်ကာ ခြောက်ကောင်အုပ်၊ ရှစ်ကောင်အုပ်၊ အုပ်လိုက် ကျက်စားနေထိုင်ကြကြောင်း သိရသည်။

ချိုးလင်းပြာမှာ ဥယျာဉ်အတွင်း အနှံ့အပြားတွေ့ရပြီး ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန် အတွင်းတွင်လည်း တွေ့ရှိနိုင်ကာ လူများနှင့် ယဉ်ပါးလွယ်၍ လူနေအိမ်များအနီးသို့ပင် လာရောက်ကျက်စား နေထိုင်ကြကြောင်း၊ စုံတွဲနေထိုင်သည်ကို အများဆုံးတွေ့ရကြောင်း သိရသည်။

ဧရာဝတီဗွတ်ချွဲ ငှက်မှာ ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှု ဇုန်တစ်ခုလုံးတွင်တွေ့ရပြီး လူများနှင့် ယဉ်ပါးလွယ်၍ လူနေအိမ်များအနီး ငှက်သိုက်ဆောက်လုပ် နေထိုင်ကျက်စားကြကာ လောကနန္ဒာဘေးမဲ့တော ဥယျာဉ်ထဲတွင်ပင် အကောင်ရေ (၃ဝဝ) ခန့်ရှိကြောင်း သိရသည်။

နဖားကြူးအမြီးဝိုင်းငှက်သည် တစ်နေရာတည်းတွင် နေထိုင်ကျက်စားသည့် ငှက်မဟုတ်ဘဲ ဧည့်သည်ငှက်ပမာ တွေ့ရှိတတ်ကြပြီး လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်နှင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်တွင် တွေ့ရှိရသည်မှာ ခုနစ်နှစ်ခန့်သာရှိသေးကြောင်း၊ စတင်တွေ့ရှိခဲ့စဉ်က နှစ်ကောင်တစ်စုံ သစ်ပင်ထိပ်ဖျားတွင် စတင်တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ပြီး နောက်ဆုံး ၂ဝ၁၈ ခုနှစ်တွင် ခြောက်ကောင်တစ်အုပ်ကို မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။

ငှက်လက်မမြီးရှည်ညိုမှာ ပုဂံ – ညောင်ဦးဝန်းကျင်ရှိ လယ်ယာစိုက်ခင်းများ၊ ကိုင်းတောများ၊ မြက်တောများတွင် ဥယျာဉ်အတွင်း ငှက်စာရင်းကောက် လုပ်ငန်းဆောင်ရွက်စဉ် (၁ဝ) ကောင်ထက်မပိုဘဲ ကွဲပြားစွာ နေထိုင်ကျက်စားသည်ကို တွေ့ရှိရပြီး ဥယျာဉ်အတွင်း နေထိုင်ကျက်စားသည့် ငှက်အားလုံး ၂ဝ၁၇ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အထိ လေ့လာသုတေသနပြု ကာလများတွင် ၄/၅ ကောင်ခန့်သာ တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။

ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှု ဇုန်အတွင်း ငှက်ကြည့်ခရီးစဉ်များ ကျယ်ကျယ် ပြန့်ပြန့်ဖော်ဆောင်ကာ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းကို မြှင့်တင်ဆောင်ရွက်သင့်ပြီး ယခုအချိန်အထိ ပုဂံဒေသသို့ ငှက်ကြည့်ရန်အတွက် ဂျာမနီ၊ အင်္ဂလန်၊ ပြင်သစ်၊ ထိုင်း၊ အမေရိကန်နိုင်ငံသားများ အများဆုံး လာရောက်ကြောင်း ဧည့်လမ်းညွှန်အသင်းမှ တာဝန်ရှိသူက ဆိုသည်။

ပုဂံရှေးဟောင်းဇုန်အတွင်းရှိ ရှေးဟောင်းရေကန်များ ရေဝင်ရောက်ချိန်တွင်လည်း ခရုစုတ်၊ ခရုတုတ်ငှက်များ၊ မန်ဒါလီများ၊ ရေကြက်များ၊ စာဝတီးအုပ်များ၊ ရေဘဲများ လာရောက် ကျက်စားခြင်းကလည်း ပြည်တွင်း ပြည်ပ ဧည့်သည်များကို ဆွဲဆောင်လျက်ရှိကြောင်း သိရသည်။

ခရီးစဉ်ဒေသအသစ်တစ်ခုဖြစ်သည့် လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်တွင်လည်း ကမ္ဘာ့ရှားပါးကြယ်လိပ်များ၊ တိုက်လိပ်များနှင့် ရှားပါးငှက် မျိုးစိတ်များကို လက်တွေ့လေ့လာကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here