ဘန်ကောက် မီးလောင်မှုဖြစ်စဉ်အတွင်း မီး‌သင့်ဆုံးရှုံးခဲ့သည့် မြန်မာနိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ်များကိုပြန်လည်လုပ်ဆောင်ပေးမည်ဟု မြန်မာသံရုံးအသိပေး

0
113

ထိုင်း၊ ဘန်ကောက်မြို့၊ ယောင်ဝရလမ်း၌ ဖြစ်ပွားခဲ့သည့် မီးလောင်မှုဖြစ်စဉ်အတွင်း နိုင်ငံကူးလက်မှတ် အပါအဝင် မှတ်ပုံတင်ကတ်နှင့် အထောက်အထားစာရွက်စာတမ်းများ မီး‌သင့်ဆုံးရှုံးခဲ့ရသည့် မြန်မာနိုင်ငံသားများအား ပြန်လည်လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ဘန်ကောက်မြို့ရှိ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အသိပေးထားသည်။

ထို့ပြင် မီးလောင်မှုကြောင့် အခက်အခဲကြုံတွေနေရသော မြန်မာနိုင်ငံသားအချို့အတွက် ၎င်းတို့ မူလလုပ်ကိုင်နေသည့် လုပ်ငန်းခွင်များအတွင်း ဆက်လက်အလုပ်လုပ်ကိုင်ခွင့်ရရှိရန်နှင့် နေအိမ်ငှားရမ်းနေထိုင်နိုင်ရေးအား ကူညီပေးလျှက်ရှိကြောင်း သိရသည်။

ထို့‌ကြောင့် မီးဘေးသင့် မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့၏ နိုင်ငံကူးလက်မှတ်နှင့် အထောက်အထားစာရွက်စာတမ်းများမီးလောင်ဆုံးရှုံးခဲ့သူများရှိပါက ဘန်ကောက်မြို့ရှိ မြန်မာသံရုံးကို ဆက်သွယ်ပြီး စာရင်းပေးပို့နိုင်ကြောင်း မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားသည်။

ယခုလ ဇူလိုင် (၆)ရက်၊ ည (၈) နာရီအချိန်ခန့်က ဘန်ကောက်မြို့၊ တရုတ်တန်းဟု အများကခေါ်သည့် ယောင်ဝရလမ်းတွင် မီးလောင်ကျွမ်းမှုကြောင့် လူဦးရေ (၁၂၀)ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည့်အနက် မြန်မာနိုင်ငံသား (၁၂) ဦး ပါဝင်ခဲ့ကြောင်း ထိုင်းနိုင်ငံအခြေစိုက် သတင်းအချို့တွင်လည်း ဖော်ပြထားသည်။

အဆိုပါ မြန်မာနိုင်ငံသား (၁၂)ဦးမှာ ထိုင်းနိုင်ငံ မီးဘေးသင့် ကူညီရေးစခန်းတစ်ခုဖြစ်သည့် စန်ဖန်ထဝုံစာရမ်ဝေါရဝိဟန်ကျောင်း၌ အခြားထိုင်းနိုင်ငံသား မီးဘေးသင့်ပြည်သူများနှင့်အတူ ယာယီခိုလှုံနေကြကြောင်း သိရသည်။

မီးဘေးသင့် မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးတာဝန်ရှိသူများက ဇူလိုင်(၇)ရက်တွင် သွားရောက်တွေ့ဆုံခဲ့ကာ စားသောက်ရေးအပါအဝင် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here