ဧရာဝတီမြစ်ရေ မန္တလေးမြို့၏ စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေသည့်အတွက် ရေကင်းစခန်း (၃)ခု ဖွင့်လှစ်ကာ စောင့်ကြည့်စစ်ဆေးနေ

0
141

ဧရာဝတီမြစ်ရေမှာ ယနေ့ ဇူလိုင် (၁၀)ရက်၊ နံနက် (၈)နာရီအချိန် တိုင်းထွာချက်အရ မန္တလေးမြို့၏ စိုးရိမ်ရေမှတ်ဖြစ်သည့် (၁၂၆၀) စင်တီမီတာထက် ကျော်လွန်၍ (၁၂၉၅) စင်တီမီတာသို့ ရောက်ရှိနေသည့်အတွက် ရေကင်းစခန်း (၃) ခု ဖွင့်လှစ်ကာ စောင့်ကြည့်စစ်ဆေးနေရကြောင်း မီးသတ်တပ်ဖွဲ့၏ သတင်းများအရ သိရသည်။

မန္တလေးခရိုင်အတွင်းရှိ ဧရာဝတီမြစ်နှင့် ထိစပ်လျက်ညောင်ကွဲရေကင်း၊ သရက်တပင်ရေကင်းနှင့် ဂေါဝိန်နယ်မြေ မီးသတ်စခန်းရေကင်းတို့ကို ဖွင့်လှစ်ထားရှိကာ မြစ်ရေမြင့်တက်လာမှုအား စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း မန္တလေးတိုင်း မီးသတ်တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

လက်ရှိတွင် အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်၊ (၇၆)လမ်း၊ မြို့ပတ်လမ်းကြား အကွက် (၅၅)၊ အ.မ.က. (၃၅) စာသင်ကျောင်း အပါအဝင် မြစ်ကမ်းဘေး မြေနိမ့်ပိုင်းနေရာအချို့နှင့် ကျေးရွာတို့သို့ မြစ်ရေစတင်ဝင်ရောက်နေပြီဖြစ်ကြောင်း ဒေသခံ သတင်းအရင်းမြစ်များထံမှ သိရသည်။

ထိုသို့ လူနေရပ်ကွက်/ကျေးရွာများအတွင်းသို့ ရေဝင်ရောက်လာပါက အချိန်နှင့်တပြေးညီ ကူညီရွှေ့ပြောင်း ကယ်ဆယ်နိုင်ရေး မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့ခံလူမှုကူညီရေးအသင်းများ၊ ပရဟိတအဖွဲ့များက ဝိုင်းဝန်းစောင့်ကြည့်နေရကြောင်း သိရသည်။

Photo – Than Htay


LEAVE A REPLY

Please enter your comment!
Please enter your name here