ဈေးများတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ အသိပညာပေးခြင်းများ ဆောင်ရွက်နေ

0
157

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ဝမ်းကျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားမှုမြင့်တက်နေသည့်အတွက် ဈေးများတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ အသိပညာပေးခြင်းများ ဆောင်ရွက်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

ဗိုလ်တထောင်မြို့နယ်၊ တာမွေမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်တို့ရှိ ဈေးများတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ပြည်သူ့ကျန်းမာရေးဌာနသည် မြို့နယ်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ အကြောင်း ကျန်းမာရေး အသိပညာပေးခြင်း၊ ပိုစတာများ ကပ်၍ အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းအတွင်း ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားသည့်အခြေအနေမှာ ဇူလိုင် (၆) ရက်တွင် လူနာသစ် (၆၃) ယောက်၊ဇူလိုင် (၇) ရက်တွင် လူနာသစ် (၄၄) ယောက်၊ဇူလိုင် (၈) ရက်တွင် လူနာသစ် (၆၀) ယောက်နှင့် ဇူလိုင်(၉) ရက်တွင် လူနာ (၆၄)ဦး ထပ်တိုး တွေ့ခဲ့ပြီးယင်းတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါလူနာ ၁၀ ဦးဝန်းကျင်ရှိကြောင်း ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ဇွန်လ ၂၅ ရက်နေ့မှစတင်၍ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါလက္ခဏာများဖြင့် လူနာအချို့ ဆေးရုံတက်ရောက်မှုများနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန၏ အနီးကပ်ကြီးကြပ်ပံ့ပိုးမှုနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်ပံ့ပိုးမှုတို့ဖြင့် ကွင်းဆင်းအဖွဲ့များသည် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ စာသင်ကျောင်းများ၊ စက်ရုံ၊ အလုပ်ရုံများ၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများ၊ ဘိုးဘွားရိပ်သာများ၊ ပရဟိတဂေဟာများ၊ သင်တန်းကျောင်းများ၊ ဘော်ဒါဆောင်များတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်ဖြစ်ပွားမှုမရှိစေရေးအတွက် အထူးအလေးပေး ဆောင်ရွက်လျက်ရှိသည်။

ဈေးများမှတစ်ဆင့်လည်း ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဈေးများတွင် ပတ်ဝန်းကျင်သန့်ရှင်းမှုအား Checklist များအသုံးပြု၍စစ်ဆေးပြီး လိုအပ်ချက်များအား အမြန်ဆုံးဖြည့်ဆည်းပြုပြင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ပြည်သူ့ဆေးရုံကြီးများတွင်လည်း ဝမ်းပျက်ဝမ်းလျှော ရောဂါလူနာများအား လိုအပ်သော ဆေးကုသမှုရရှိစေရေးအတွက် စနစ်တကျ ဆေးကုသမှုပေးလျက်ရှိပြီး ဆေးဝါးများကိုလည်း ပံ့ပိုးပေးခြင်းနှင့် ရောဂါပိုးထိန်းချုပ်ခြင်းလုပ်ငန်းများကို အထူးအလေးပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here