ရှမ်းပြည်နယ်မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ်သည့် ငွေကျပ် ၂ ဒသမ ၁၇ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၈၆ ဒသမ ၉ ကီလို ဖမ်းဆီးရမိ

0
229

ရှမ်းပြည်နယ်မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ်သည့် ငွေကျပ် ၂ ဒသမ ၁၇ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၈၆ ဒသမ ၉ ကီလိုကို မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင်(၅) ရက်၊ ညနေ (၃) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၁၄ x ၁၁၅ ကြား၊ ၇၁(C)လမ်းတွင် သတင်းအရစောင့်ဆိုင်းနေစဉ် ကြိုတင်သတင်းရရှိထားသည့် TOYOTA PROBOX မော်တော်ယာဉ်နှင့် SUPER CUSTOM မော် တော်ယာဉ်တို့ ရောက်ရှိလာ၍ ရှာဖွေစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရှာဖွေရာ စိုးခိုင်၊ နန်းအေးဖောင်း၊ နန်းယိမ်းအွမ်နှင့် ထွန်းလင်းအောင်တို့ (၄)ဦးနှင့်အတူ SUPER CUSTOM ယာဉ်ပေါ်မှ ပလတ်စတစ်ဆပ်ပြာခွက် ၂,၂၀၀ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ၂၂ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ချမ်းမြသာစည်မြို့နယ်၊ ဆ/၂ ရပ် ကွက်၊ ၇၁ လမ်းရှိ ထွန်းလင်းအောင် ငှားရမ်းနေထိုင်သည့် နေအိမ်မှ ပလတ်စတစ်ဆပ်ပြာခွက် ၆,၄၉၀ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ၆၄ ဒသမ ၉ ကီလို ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၂ ဒသမ ၁၇ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၈၆ ဒသမ ၉ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

၎င်းတို့အား စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ ဘိန်းဖြူများအား ရှမ်းပြည်နယ်မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here