ရှမ်း/မြောက် စစ်ရှောင်များ ယာယီခိုလှုံရန် တောင်ကြီးမြို့ လူမှုအဖွဲ့အစည်းများ ပြင်ဆင်လျှက်ရှိ

0
287

ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲများကြောင့် တောင်ကြီးမြို့ဘက်သို့ တိမ်းရှောင်လာသည့် စစ်ရှောင်ပြည်သူများ ယာယီခိုလှုံနေထိုင်ရေးအတွက် တောင်ကြီးမြို့လူမှုကူညီရေးအဖွဲ့အစည်းများ ပူးပေါင်း၍ ပြင်ဆင်ဆောင်ရွက်လျှက်ရှိကြောင်း ဒေသတွင်း စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

အဆိုပါ လုပ်ငန်းစဉ်အတွက် တောင်ကြီးမြို့ဝေဠုဝန်ကျောင်းတိုက်ဆရာတော်က ဦးဆောင်၍ လုပ်ဆောင်ပေးနေခြင်းဖြစ်ကာ လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်းမှ ဒေသခံ (၂၀၀)ဦးခန့် ရောက်ရှိခိုလှုံလျက်ရှိသည်ဟုဆိုသည်။

“အခု ဝေဠုဝန်ကျောင်းတိုက်နဲ့ ပိဋကတ်ကျောင်းတိုက်မှာတော့ ခိုလှုံနေကြတယ်။ အချို့ကလည်း ဆွေမျိုးအိမ်တွေနဲ့ တတ်နိုင်တဲ့သူက အိမ်ငှားနေကြတာမျိုးတွေလည်းရှိတယ်။ အစိုးရအနေနဲ့ ပါဝင်ကူညီပေးနိုင်ရင် ပိုအဆင်ပြေမယ်။ အစိုးရနဲ့သက်ဆိုင်တဲ့ အဆောက်အဦးတွေ ဘောလုံးကွင်းလိုနေရာမျိုးတွေမှာပေါ့ “ဟု ၎င်းက ရှင်းပြသည်။

ဇူလိုင်(၁၁)ရက်၊ နံနက်ပိုင်းတွင် စစ်ရှောင်အရေးကူညီ‌ေဆာင်ရွက်မှုနှင့် ပတ်သက်သည့် ဆွေးနွေးမှုတစ်ခုအား ဒေသတွင်း လူမှုကူညီရေးအဖွဲ့များ လုပ်ဆောင်သွားမည်ဖြစ်ပြီး စစ်ရှောင်များ ခိုလှုံနိူင်မည့် နေရာအပါအဝင် စားသောက်ရေးစသည့် အစီအစဉ်များကို ဆွေးနွေးသွားရန်ရှိကြောင်း ၎င်းက ပြောသည်။

“ဒီနေ့လည်း လားရှိုးဘက်ကနေ ထွက်လာတဲ့သူတွေ အများကြီးရှိနေတယ်ကြားတယ်။ ကျွန်တော်တို့က ကရင်နီမှာ ဖြစ်တုန်းကလည်း ကော်မတီဖွဲ့ပြီး ကူညီပေးခဲ့တော့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဆောင်ရွက်သွားဖို့လုပ်ရမှာပေါ့”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ငွေကြေးတတ်နိုင်သူများက တောင်ကြီးမြို့ရှိ မိတ်ဆွေများထံ ဖုန်းဆက်အကူအညီ တောင်းခံကာ အိမ်ကြိုတင်ငှားရမ်းပေးခြင်း စသည်များကို လုပ်ဆောင်ခြင်းများရှိကာ ငွေကြေးမတတ်နိုင်သည့် ‌စစ်ရှောင်များအတွက် ခိုလှုံရန်နေရာထိုင်ခင်းများလည်း ဆောင်ရွက်ထားရန်လိုအပ်သည်ဟု ဆိုသည်။

လက်ရှိတွင် တောင်ကြီးမြို့သို့ ရောက်ရှိလာသော စစ်ဘေးရှောင်များ ယာယီခိုလှုံနိုင်ရေးအတွက် ဝေဠုဝန်ကျောင်းတိုက်၌ ပြင်ဆင်ပေးထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here