ဝမ်းရောဂါ ကူးစက်ခံရသူ လူနာသစ် (၁၁၅)ဦးထပ်တိုး

0
107

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ဇူလိုင်လ (၁၀) ရက်၌ ဝမ်းရောဂါကူးစက်ခံရသူ လူနာသစ် (၁၁၅)ဦး ထပ်တိုးကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။

ဇူလိုင် (၆) ရက်တွင် လူနာ (၆၃) ယောက်၊ ဇူလိုင် (၇) ရက်တွင် လူနာ (၄၄) ယောက်၊ ဇူလိုင် (၈) ရက်တွင် လူနာ(၆၀)၊ ဇူလိုင်လ (၉)ရက်တွင် (၆၄)ဦး၊ ဇူလိုင်လ (၁၀)ရက်တွင် (၁၁၅)ဦး ရှိလာခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

အဆိုပါ လူနာများထဲမှ ဇူလိုင် (၁၀)ရက်၌ ၈၇ဦးဆေးရုံဆင်းသွားပြီဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဗိုလ်တထောင်မြို့နယ်၊ တာမွေမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်တို့ရှိ ဈေးများတွင်လည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ပြည်သူ့ကျန်းမာရေးဌာနသည် မြို့နယ်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ အကြောင်း ကျန်းမာရေး အသိပညာပေးခြင်း၊ ပိုစတာများကပ်၍ အသိပညာပေးခြင်း၊ဈေးသန့်ရှင်းရေးလုပ်ခြင်းတို့ကို ဆောင်ရွက်နေသည်။

လက်ရှိတွင်မူ စာသင်ကျောင်းများ၊ စက်ရုံ၊ အလုပ်ရုံများ၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများ၊ ဘိုးဘွားရိပ်သာများ၊ ပရဟိတဂေဟာများ၊ သင်တန်းကျောင်းများ၊ ဘော်ဒါဆောင်များတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်ဖြစ်ပွားမှုမရှိစေရေးအတွက် အထူးအလေးပေး ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ နေရာများတွင် ကျန်းမာရေး အသိပညာပေးခြင်း၊ သောက်ရေသန့်ရှင်းရေးအတွက် ရေသန့်ဆေးပြားများဝေငှခြင်း၊ သုံးရေသန့်ရှင်းရေးအတွက် ကလိုရင်းဆေးခတ်ခြင်း၊ အစားအစာချက်ပြုတ်ပြင်ဆင်ရာတွင် ကျန်းမာရေးနှင့် ညီညွတ်ရေး၊ လက်ဆေးရန်နေရာများထားရှိ၍ ရေနှင့်ဆပ်ပြာ အသင့်ထားရှိရေး၊ ယင်လုံအိမ်သာများ စနစ်တကျသုံးစွဲရေးစသည့် ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများအား နှီးနွှယ်ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင်ဈေးများမှတဆင့်လည်း ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဈေးများတွင် ပတ်ဝန်းကျင်သန့်ရှင်းမှုအား Checklist များအသုံးပြု၍စစ်ဆေးပြီး လိုအပ်ချက်များအား အမြန်ဆုံးဖြည့်ဆည်းပြုပြင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ – YCDC


LEAVE A REPLY

Please enter your comment!
Please enter your name here