ဂျပန်ရေတပ် ဖျက်သင်္ဘောတစ်စင်း ထိုင်ဝမ်အနီး တရုတ်ရေပြင်သို့ ဝင်ရောက်ခဲ့

0
205

ဂျပန်ရေတပ် ဖျက်သင်္ဘောတစ်စင်းဟာ ယခုလအစောပိုင်းက ထိုင်ဝမ်အနီး တရုတ်ရေပိုင်နက်အတွင်းကို အကြောင်းကြားခြင်းမရှိဘဲ ရှားရှားပါးပါး ဝင်ရောက်မှုဖြစ်ခဲ့ပြီး ပေကျင်းကို စိုးရိမ်ပူပန်မှုတွေဖြစ်စေခဲ့တယ်လို့ ဂျပန်မီဒီယာက ဇူလိုင် ၁၀ ရက်အနှောင်းပိုင်းမှာ သတင်းဖော်ပြပါတယ်။

ဂျပန်ရေတပ် ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ရဲ့ Suzutsuki ဖျက်သင်္ဘောဟာ တရုတ်က ရေတပ်စစ်ရေးလေ့ကျင့်မှုလုပ်မယ်လို့ ကြေညာထားတဲ့ Zhejiang ပြည်နယ်ကမ်းလွန် တရုတ်ရေပိုင်နက်အတွင်းကို ဇူလိုင် ၄ ရက်မှာ ဝင်ရောက်ခုတ်မောင်းခဲ့တာဖြစ်တယ်လို့ သံတမန်သတင်းရင်းမြစ်တွေကို ကိုးကားပြီး ကျိုဒိုသတင်းဋ္ဌာနက ဖော်ပြခဲ့ပါတယ်။

Suzutsuki ဟာ ထိုင်ဝမ်မြောက်ဘက် အရှေ့တရုတ်ပင်လယ်မှာ တရုတ်ဒုံးကျည်လေ့ကျင့်မှုတွေကို စောင့်ကြည့်ဖို့ တာဝန်ချထားတာဖြစ်ပြီး တရုတ်နိုင်ငံကို အသိပေးအကြောင်းကြားခြင်းမရှိဘဲ ရေပိုင်နက်ထဲဝင်ရောက်ခဲ့တယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဋ္ဌာနမှ သတင်းရင်းမြစ်တွေကို ကိုးကားပြီး NTV ရုပ်သံသတင်းကလည်း ဖော်ပြပါတယ်။

ဖျက်သင်္ဘောဟာ တရုတ်ရေတပ်သင်္ဘောတွေ သတိပေးမှုလုပ်နေတဲ့ကြားက Zhejiang ကမ်းရိုးတန်းရဲ့ ရေမိုင် ၁၂ မိုင်အတွင်း မိနစ် ၂၀ ခန့် ဝင်ရောက်ခုတ်မောင်းခဲ့တာဖြစ်ပြီး ဒီဖြစ်စဉ်အပေါ် အလေးအနက်စိုးရိမ်ပူပန်ကြောင်း ပေကျင်းက တိုကျိုကို ထုတ်ဖော်ပြောဆိုခဲ့တယ်လို့ ကျိုဒိုက ဖော်ပြပါတယ်။

ဒီဖြစ်ရပ်အတွက် ဂျပန်ကာကွယ်ရေးဝန်ကြီးဋ္ဌာနက Suzutsuki ရဲ့ ကပ္ပတိန်ဖြစ်သူကို စစ်ဆေးမေးမြန်းမှုလုပ်ဆောင်ခဲ့ပြီး ရေတပ်သားတွေရဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်လို့ မရှင်းမလင်းရှိနေသေးတယ်လို့ ကျိုဒိုက ဆိုပါတယ်။

တရုတ်ကမ်းခြေစောင့်တပ်နဲ့ ရေတပ်သင်္ဘောတွေဟာလည်း ပြီးခဲ့တဲ့နှစ် ဇွန်လက အပါအဝင် ဂျပန်ရေပိုင်နက်အတွင်း ဝင်ရောက်မှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။ ယင်းအချိန်က ယာကူရှီမားကျွန်းအနီး ဂျပန်ရေပြင်အတွင်းကို တရုတ်ရေတပ် ဝင်ရောက်ခုတ်မောင်းခဲ့တာကြောင့် တိုကျိုက ပေကျင်းကို ဆန့်ကျင်ကန့်ကွက်လွှာပေးပို့ခဲ့ပါတယ်။

Ref: SRN News


LEAVE A REPLY

Please enter your comment!
Please enter your name here