မုံရွာမြို့ အေးသာယာရပ်ကွက်မှ မီးဘေးသင့် ပြည်သူများအားတိုင်းဒေသကြီး အစိုးရက ထောက်ပံ့

0
90

စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့၊ အေးသာယာရပ်မှ မီးဘေးသင့်ပြည်သူများအား တိုင်းဒေသကြီး အစိုးရက ထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့သည် မုံရွာမြို့၊ အေးသာယာရပ်ကွက်၊ အောင်မြေလောကကျောင်းတိုက်ရှိ ဝါဆိုဓမ္မာရုံကြီးတွင် ရောက်ရှိခိုလုံနေသည့် အေးသာယာရပ်ကွက်ရှိ မီးဘေးသင့်ပြည်သူများနှင့် ဇူလိုင်လ (၁၀) ရက်၊ မွန်းလွဲပိုင်းတွင် တွေ့ဆုံကာ ထောက်ပံ့ငွေများနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

မုံရွာမြို့၊ အေးသာယာရပ်ကွက်တွင် ဇူလိုင်လ (၉) ရက်၊ ည (၁၀) နာရီခွဲ အချိန်ခန့်တွင် ပေါ့ဆမီးကြောင့်မီးလောင်မှုဖြစ်ပွားခဲ့သည့် မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ (၁၇) အိမ်၊ အိမ်ထောင်စု (၃၂) စု၊ လူဦးရေ (၁၂၃) ဦး မီးဘေးသင့်ခဲ့ရခြင်းဖြစ်ပြီး ၎င်းတို့အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြာဇံများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ တစ်အိမ်လျင် ငွေကျပ် (၃) သိန်းနှုန်းဖြင့် အိမ် (၁၇) အိမ်အတွက် ငွေကျပ် စုစုပေါင်း- ၅၁၀၀၀၀၀ (ငါးဆယ်တစ်သိန်း)ကျပ်ကို ဝန်ကြီးချုပ်ဦးမြတ်ကျော်က ပေးအပ်ခဲ့သည်။

ထို့ပြင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များမှ စားသောက်ဖွယ်ရာများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သည့် အိမ်ဆောက်ပစ္စည်း၊ ဆန်ရိက္ခာဖိုး ငွေကျပ်- ၃၆၅၈၃၀၀ (သုံးဆယ်ခြောက်သိန်းငါးသောင်းရှစ်ထောင်သုံးရာ)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး ပါပုံးများအား မီးဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးအပ်ကြသည်။

မီးဘေးသင့်ပြည်သူများကိုတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးခဲ့ကြပြီး မီးလောင်မှုဖြစ်ပွားခဲ့သည့် နေရာအား သွားရောက် ကြည့်ရှုကာ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။ 


LEAVE A REPLY

Please enter your comment!
Please enter your name here