နေ့စဉ် ယာဉ်စီးသူ(၁.၇)သန်းခန့် သွားလာနေသည့် YBS ယာဉ်လိုင်းများတွင်ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း အသိပညာပေးနေ

0
108

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှု၊ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)၏ စီစဉ်မှုဖြင့် သက်ဆိုင်ရာဌာနများပူးပေါင်း၍ ယနေ့ ဇူလိုင်(၁၁)ရက် နံနက်ပိုင်းက အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ အသိပညာပေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နေမှုအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

“ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရီးသွားပြည်သူများ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး သတ်မှတ်ထားတဲ့ ညွှန်ကြားချက်များနဲ့အညီ တိတိကျကျ လိုက်နာဆောင်ရွက်နိုင်ကြစေဖို့ အခုလို အသိပညာပေးစတေကာကပ်တာတွေ၊ လက်ကမ်းစာစောင် ဖြန့်ဝေတာတွေကို ဆောင်ရွက်ပြီး Campaign လုပ်တာဖြစ်တယ်။”ဟု ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC )မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၂၄ ခုနှစ် ဇွန်လ(၂၃)ရက်မှ စတင်ကာ ဝမ်းပျက်/ဝမ်းလျှောရောဂါဖြစ်ပွားခဲ့ပြီး ယနေ့အထိ တိုင်းဒေသကြီးအတွင်း ဝမ်းပျက်/ဝမ်းလျှောရောဂါဖြစ်ပွားသူ (၆၂၆)ဦး အထိရှိပြီး (၅၃၀)ဦး ဆေးရုံတက်ရောက်ကုသမှုခံယူခဲ့ရကြောင်း သိရသည်။

လက်ရှိတွင် ဆေးရုံတက်ရောက်ကုသနေရသူများထဲ့မှ လူနာ (၂၈၇)ဦး ဆေးရုံမှဆင်းကာ ကျန်းမာရေးပြန်လည်ကောင်းမွန်လျက်ရှိကြောင်း သတင်းများအရ သိရသည်။

“ဒီ Campaign ကို ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူများ အသွားအလာများတဲ့ ပြည်သူ့ ရင်ပြင်၊ ဆူးလေ၊ တညင်းကုန်း၊ မြောက်ဥက္ကလာပအဝိုင်း၊ စံပြဈေး စတဲ့နေရာ(၈) နေရာမှာ ဆောင်ရွက်တာလည်းဖြစ်တယ်။ ဒီ Campaign မှာ အသိပညာပေး စတေကာအခုရေ (၇၀၀၀)နှင့် လက်ကမ်းစာစောင် (၅၀၀၀)ကို အခမဲ့ ဖြန့်ဝေသွားမှာ။ ဘာဖြစ်လို့ လဲဆိုတော့ ဒီ YBS ယာဉ်တွေပေါ်မှာ တစ်နေ့တစ်နေ့ကို ယာဉ်စီးသူ (၁.၇)သန်းလောက် သွားလာနေတာ။ ကြိုတင်ကာကွယ်ခြင်းဟာ ကုသခြင်းထက်ပိုကောင်းတယ်ဆိုတဲ့ စကားအတိုင်း အများပြည်သူတွေအနေနဲ့ ဒီပြင်းထန်ဝမ်းပျက်/ဝမ်းလျှောရောဂါ မရရှိအောင်အတွက် သန့်ရှင်းတဲ့လက်နှင့် သန့်ရှင်းတဲ့အစားအစာတွေစားသုံးဖို့ ကျွန်တော့်အနေနဲ့ အလေးအနက်ထား တိုက်တွန်းချင်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါ ပြင်းထန် ဝမ်းပျက်/ဝမ်းလျှောရောဂါဖြစ်ပွားမှုအနေဖြင့်လည်း ယနေ့အထိ စုစုပေါင်း လူနာ (၆၇)ဦး ရှိကြောင်း၊ တိုင်းဒေသကြီးအတွင်း ပြင်းထန်ဝမ်းပျက်/ဝမ်းလျှောရောဂါနှင့် ပတ်သက်၍ အသိပညာ‌ပေးခြင်း လုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here