မုံရွာမြို့ ချင်းတွင်းမြစ်တာရိုးတလျောက် ရေစိမ့်ဝင်နေသည့်နေရာများအား သဲအိတ်များဖြင့် ချက်ချင်းပိတ်ဆို့

0
112

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းမြစ်တာရိုးတလျောက်ရှိ အချို့နေရာများတွင် ရေစိမ့်ဝင်ခြင်းများရှိသောကြောင့် သဲအိတ်များဖြင့် ချက်ချင်းပိတ်ဆို့ပေးနေရကြောင်း သိရသည်။

“သလ္လာဝတီဆိပ်ဖက် Denko ဆီဆိုင်မြောက်နားက Aquar Pura ရေပေးရေးစက်ရုံနဲ့ မျက်နှာချင်းဆိုင်လောက်မှာ တာရိုးရေစိမ့်နေတာပါ။ မြောက်ကိုအတန်းလိုက်သဲအိတ်တွေစီပြီး စိမ့်တဲ့ရေကို ပိတ်ထားနိုင်ပါပြီ။ရေကဆက်တိုးနေတုန်းပါ”ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

မုံရွာမြို့အား ချင်းတွင်း မြစ်ရေ ရောက်ရှိမှုအခြေအနေနှင့် မြစ်ရေဝင်ရောက်မှု မရှိစေရေးအတွက် ဇူလိုင်လ (၁၁)ရက်နေ့လယ်ပိုင်းမှ စတင်၍ ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေပြည်သူများက ရေစိမ့်ဝင်သည့် နေရာများအား သဲအိတ်များဖြင့် ကာရံနေခြင်းဖြစ်သည်။

ချင်းတွင်းမြစ်ရိုးတလျှောက် ရေထိန်းတာဘောင်များအား အဆင့်မြှင့် တင်ဆောင်ရွက်နေမှုများနှင့် သဲအိတ်များဖြင့်ကာရံနေမှုအခြေအနေများကို ဇူလိုင်လ(၁၀)ရက် မွန်းလွဲပိုင်းကစစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် နှင့် တာဝန်ရှိသူများလိုက်လံကြည့်ရှု စစ်ဆေးသည်။

လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီးချင်းတွင်းမြစ်ရိုးတလျှောက် ရေထိန်းတာဘောင်များ ကြံ့ခိုင်မှုရှိစေရေးလိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မုံရွာမြို့၏ တာရိုးသည် (၈)မိုင်ကျော် တာဆင့်ထားခြင်းဖြစ်ပြီး မုံရွာမြို့တွင်း (၃) မိုင်ခန့်ကို အခိုင်အမာတည်ဆောက်ထားခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က တာရိုးရေလျှံခဲ့ရာ မုံရွာမြို့ခံသံဃာတော်များ၊ လူထုနှင့်ဌာနဆိုင်ရာများပူးပေါင်းကာ နေ့ရောညပါ သဲအိတ် တသိန်းကျော် ဆင့်ကာရံကာရေ ဘေးအန္တရာယ်ကို ကာကွယ်နိုင်ခဲ့ကြောင်း သိရသည်။

မုံရွာမြို့ချင်းတွင်းမြစ်တာရိုးကိုထပ်မြှင့်ထားသည့်အတွက် မူလ (၃၂)ပေ စိုးရိမ်ရေမှတ်ထက် (၂)ပေတိုးပြီး ရေဒဏ်ခံနိုင်သည်ဟု တည်ဆောက်စဲကာလဆည်မြောင်းဌာနတာဝန်ရှိသူက ပြောကြားခဲ့သည်။

မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၏ ဇူလိုင်လ ဒုတိယ (၁၀)ရက်ပတ်အတွက် မြစ်ရေအခြေအနေခန့်မှန်းထားရာတွင် ချင်းတွင်းမြစ်ရေသည် မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် လက်ရှိရေမှတ်များအထက် (၁)ပေ၊(၁) ပေခွဲခန့်အထိ မြင့်တက်လာနိုင်ပြီး ကလေးဝ၊မော်လိုက်၊ဖောင်းပြင်၊ ဟုမ္မလင်းနှင့် ခန္တီးမြို့တို့တွင် လက်ရှိရေမှတ်များအောက် (၁၂)ပေ မှ (၁၄)ပေခန့်အထိ ကျဆင်းလာနိုင်ကြောင်း ဇူလိုင်လ၁၁ရက်နေ့ကထုတ်ပြန်ထားသည်။

မုံရွာမြို့၏ တောင်ဘက်နှင့် မြောက်ဘက်အနိမ့်ပိုင်းကျေး ရွာများတွင် ချင်းတွင်းမြစ်ရေ ဝင်နေပြီး ကျေးရွာ (၄၀) ခန့် ရေလွတ်ရာ ပြောင်းရွေ့နေကြရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here