ပိုလန်ရှိ အမေရိကန် ပဲ့ထိန်းဒုံးကာစခန်းသစ် တာဝန်ထမ်းဆောင်ဖို့ အသင့်ဖြစ်ပြီဟု နေတိုး ကြေညာ

0
505
NATO Secretary General Jens Stoltenberg speaks during a press conference at the NATO Summit at the Walter E. Washington Convention Center in Washington, DC, on July 10, 2024. (Photo by SAMUEL CORUM / AFP)

ကျယ်ပြန့်တဲ့ နေတိုး ဒုံးကျည်ကာကွယ်ရေးအစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ပဲ့ထိန်းဒုံးတိုက်ခိုက်မှုတွေကို ထောက်လှမ်းတားဆီးနိုင်ရေး ဒီဇိုင်းထုတ်ထားသော ပိုလန်မြောက်ပိုင်းရှိ အမေရိကန် လေကြောင်းကာကွယ်ရေးအခြေစိုက်စခန်းသစ်ဟာ တာဝန်ထမ်းဆောင်ဖို့ အသင့်ဖြစ်ပြီလို့ အနောက်တိုင်းစစ်ရေးမဟာမိတ်အဖွဲ့က ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့ပါတယ်။

ပဲ့ထိန်းဒုံးကျည်တွေရဲ့ ခြိမ်းခြောက်မှုကြီးမားလာချိန်မှာ အခြေစိုက်စခန်းရဲ့ အသင့်ဖြစ်မှုဟာ အတ္တလန္တိတ်ဖြတ်ကျော် လုံခြုံရေးအတွက် အရေးပါတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်တယ်လို့ စစ်ရေးမဟာမိတ်အဖွဲ့ အကြီးအကဲ ဂျန့်စ် စတောလ်တန်ဘတ်က ဝါရှင်တန်မှာ ပြုလုပ်နေတဲ့ နေတိုးထိပ်သီးအစည်းအဝေး ပြင်ပဆွေးနွေးမှုတွေမှာ ပြောဆိုခဲ့ပါတယ်။

“ကာကွယ်ရေး တပ်ပေါင်းစုတစ်ခုအနေနဲ့ ဒီခြိမ်းခြောက်မှုကို ကျွနု်ပ်တို့ မသိကျိုးကျွံ့မပြုနိုင်ပါဘူး။ ဒုံးကျည်ကာကွယ်ရေးဟာ နေတိုးရဲ့ စုပေါင်းကာကွယ်ရေးတာဝန်များမှာ မရှိမဖြစ် လိုအပ်တဲ့အရာဖြစ်ပါတယ်” လို့ သူက ဆက်လက်ပြောဆိုခဲ့ပြီး ယူကရိန်းနဲ့ အရှေ့အလယ်ပိုင်း ပဋိပက္ခတွေမှာ ပဲ့ထိန်းဒုံးတွေ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့တာကို ထည့်သွင်းပြောသွားပါတယ်။

နေတိုးအဖွဲ့ရဲ့ အဆိုအရ ပိုလန်နိုင်ငံမြောက်ပိုင်း Redzikowo မြို့မှာ အခြေစိုက်ပြီး Aegis Ashore လို့အမည်ပေးထားတဲ့ ယင်း ဒုံးကာကွယ်ရေးစနစ်ဟာ တာတိုနဲ့ တာလတ် ဒုံးကျည်တွေကို ကြားဖြတ်ပစ်ချနိုင်စွမ်းရှိတယ်လို့ သိရပါတယ်။

မဟာမိတ်ဒုံးကျည်ကာကွယ်ရေး အစီအမံဟာ ဥရောပနိုင်ငံသားတွေ၊ နယ်မြေတွေနဲ့ တပ်ဖွဲ့တွေကို ပဲ့ထိန်းဒုံးကျည်တွေနဲ့ တိုက်ခိုက်လာခြင်းမှ ကာကွယ်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

Ref: Asia One


LEAVE A REPLY

Please enter your comment!
Please enter your name here