ကြည့်မြင်တိုင်နှင့် ကမာရွတ်တွင် ကျပ်သိန်း (၇၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

0
268

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်နှင့် ကမာရွတ်မြို့နယ်တို့တွင် အမျိုးသား (၂)ဦးထံမှ ကျပ်သိန်း (၇၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ဇူလိုင် (၉) ရက်၊ ည (၉)နာရီ အချိန်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ကြည့်မြင်တိုင်မြို့နယ်၊ မကျည်းတန်း(မြောက်)အရှေ့ရပ်ကွက်၊ ပန်းပင်ကြီးလမ်းတွင် မသင်္ကာဖွယ်တွေ့ရှိသူ မြတ်လင်းခိုင်(ခ)စတီးလ် အား စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ ရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀၀၀ ပြား(ကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၅၀၀)အား တွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် မြတ်လင်းခိုင်(ခ)စတီးလ် (၄၄) နှစ်အား ကြည့်မြင်တိုင်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သတင်းထုတ်ပြန်သည်။

ထို့ပြင် ဇူလိုင် (၈) ရက် ညနေ (၃)နာရီ (၄၅)မိနစ်ကလည်း ကမာရွတ်မြို့နယ်၊ (၄)ရပ်ကွက်နေ လင်းထက်ကိုကို(ခ)ကိုကို ၏ နေအိမ်အား မူးယစ်ဆေးဝါးသတင်းအရ ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ ပြား (ကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂၀၀)နှင့် လက်ကိုင်ဖုန်း (၁) လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်အရ လင်းထက်ကိုကို(ခ)ကိုကို(၂၆)နှစ်အား ကမာရွတ်မြို့မ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here