ဒုတိယအကြိမ် ယူကရိန်းငြိမ်းချမ်းရေး ထိပ်သီးအစည်းအဝေး မော်စကို မတက်—ရုရှားသံတမန်

0
294

မော်စကို၊ဇူလိုင် ၁၁

ပြီးခဲ့သည့်လက ကျင်းပခဲ့သည့် ယူကရိန်းငြိမ်းချမ်းရေးထိပ်သီးအစည်းအဝေး၏ နောက်ဆက်တွဲအစည်းအဝေးကို ရုရှားက တက်ရောက်မည်မဟုတ်ကြောင်း ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီးကပြောကြားခဲ့သည်။

ပြီးခဲ့သည့်လက ဆွစ်ဇာလန်၌ကျင်းပခဲ့ပြီး နိုင်ငံပေါင်း ၉၂ နိုင်ငံတက်ရောက်ခဲ့ကြသည့် ယူကရိန်း၏ငြိမ်းချမ်းရေးထိပ်သီးအစည်းအဝေးသို့ ရုရှားကိုဖိတ်ကြားခဲ့ခြင်းမရှိသကဲ့သို့ ရုရှားကလည်း ၎င်းမပါဘဲ ထိပ်သီးအစည်းအဝေးကျင်းပခြင်းက အချိန်ဖြုန်းကြခြင်းသာဖြစ်သည်ဟုပြောကြားခဲ့သည်။

အဆိုပါငြိမ်းချမ်းရေးဆွေးနွေးပွဲ၏ နောက်ဆက်တွဲအစည်းအဝေးကို ယခုနှစ်ကုန်ပိုင်း၌ ထပ်မံပြုလုပ်လိုကြောင်း ဇလန်းစကီးကပြောကြားခဲ့ပြီး ရုရှားကိုပါ ဖိတ်ခေါ်သွားနိုင်ခြေရှိကြောင်းလည်းဆိုခဲ့သည်။

ရုရှားသမ္မတပူတင်ကမူ ၎င်းအနေဖြင့် စစ်ကို အချိန်မရွေးရပ်တန့်လိုသည့်ဆန္ဒရှိပြီး ယူကရိန်း သည်နေတိုးအဖွဲ့ဝင်ဖြစ်ရေးရည်မှန်းချက်ကိုစွန့်လွှတ်ကာ ရုရှားကသိမ်းထားသည့်ဒေသများကို မော်စကိုအပိုင်အဖြစ်သတ်မှတ်ပေးရမည်ဟုဆိုခဲ့သည်။

သို့သော် လက်နက်ချရာရောက်သည့် အဆိုပါတောင်းဆိုမှုများကို ယူကရိန်းဘက်ကလည်းလက်မခံခဲ့ပေ။

ရုရှားသည် အိမ်နီးချင်းနိုင်ငံယူကရိန်း၏ နယ်မြေငါးပုံတစ်ပုံကိုထိန်းချုပ်ထားသကဲ့သို့ ထိုနယ်မြေအားလုံးကိုပြန်လည်ရယူရန် ယူကရိန်းကလည်းကတိပြုထားပြီး ရုရှားတပ်များကိုရုပ်သိမ်းကာ ယူကရိန်းက နယ်မြေစိုးမိုးမှု ကို အပြည့်အဝပြန်လည်ရရှိမှသာ ငြိမ်းချမ်းရေးသည် ဖြစ်နိုင်မည်ဖြစ်ကြောင်းပြောသည်။

Source : ရိုက်တာ/အေတီ


LEAVE A REPLY

Please enter your comment!
Please enter your name here