ဂါဇာအကူအညီပေးရေးလုပ်ငန်းများ မကြာမီရပ်ဆိုင်းတော့မည်ဟု အမေရိက ပြော

0
239

ဝါရှင်တန်၊ဇူလိုင် ၁၂

ရာသီဥတုဆိုးရွားမှုနှင့် အကူအညီများကို ဖြန့်ဖြူးရာ၌ ပြဿနာများရှိခြင်းကြောင့် ဂါဇာကမ်းရိုးတန်းရှိ အမေရိကန်စစ်တပ်၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးပို့ရေးဆိပ်ခံတံတားကို မကြာမီပိတ်သိမ်းတော့မည်ဖြစ်ကြောင်း ဂျိုးဘိုင်ဒင်အစိုးရအဖွဲ့ကပြောကြားခဲ့သည်။

လူ ၂ ဒသမ ၃ သန်းရှိသော ဂါဇာကမ်းမြောင်ဒေသ၌ အငတ်ဘေးဖြစ်ပွားနေချိန်တွင် အကူအညီများပေးပို့ရန်အတွက် ဆိပ်ခံတံတားထားရှိရန်စီစဉ်နေကြောင်း ဘိုင်ဒင်က မတ်လတွင်ကြေငြာခဲ့သည်။

အဆိုပါတံတား၌ မေလကစတင်၍ လုပ်ငန်းများလည်ပတ်ခဲ့ပြီး ဂါဇာကမ်းရိုးတန်းနယ်မြေတစ်ခုသို့ မက်ထရစ်တန်ချိန် ၈,၁၀၀ ရှိသည့်အကူအညီများ ကို ယူဆောင်ပေးနိုင်ခဲ့သော်လည်း မီတာ ၃၇၀ ရှည်လျားသည့် အဆိုပါရေပေါ်ဆိပ်ခံတံတားကို ရာသီဥတုဆိုးရွားမှုကြောင့် အကြိမ်ပေါင်းများစွာဖယ်ရှားခဲ့ရသည်ဟုလည်းသိရသည်။

လုံခြုံရေးစိုးရိမ်ရမှုများကြောင့် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က ဇွန်လ၌ ၎င်း၏လုပ်ငန်းလည်ပတ်မှုကို ခေတ္တရပ်ထားရသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းအများအပြားသည် ဆာလောင်မွတ်သိပ်နေသည့်ဂါဇာသို့မရောက်ရှိသေးကြောင်းသိရသည်။

ပင်တဂွန်စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူကမူ စစ်တပ်က ဗုဒ္ဓဟူးနေ့တွင် ဆိပ်ခံတံတားကို ပြန်လည်ကျောက်ချရန်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်းပြောကြားခဲ့ပြီး နောက်တစ်ကြိမ်ပြန်လည်ကျောက်ချရန် ရက်အသစ်သတ်မှတ်ထားခြင်းမျိုးမရှိသေးသကဲ့သို့ ကြိုးပမ်းမှုကို မကြာမီရပ်ဆိုင်းတော့မည်ဖြစ်သည်ဟုလည်းဆိုခဲ့သည်။

Source : ရိုက်တာ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here