ဝမ်းရောဂါ ကူးစက်ခံရသူ လူနာသစ် (၈၄)ဦးရှိပြီး ရောဂါတွေ့ရှိသူနှုန်း ကျဆင်းလာ

0
225

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တချို့တွင် ယမန်နေ့ ဇူလိုင်လ (၁၁)ရက်က ဝမ်းရောဂါကူးစက်ခံရသူ လူနာသစ် (၈၄)ဦး ရှိပြီး ရောဂါဖြစ်ပွားသူနှုန်း ကျဆင်းလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။

ရန်ကုန်တိုင်းအတွင်း ဝမ်းရောဂါ ဖြစ်ပွားသူ ရာနှင့်ချီကာရှိနေပြီး အဆိုပါလူနာများထဲမှ ထက်ဝက်ဝန်းကျင် ဆေးရုံမှပြန်ဆင်းသွားကြပြီဖြစ်သည့်အပြင် ကျန်လူနာများမှာလည်း ကျန်းမာရေးအခြေအနေကောင်းမွန်လျက်ရှိကြောင်းဝန်ကြီး ဌာနမှ အသိပေးထားသည်။

ဝမ်းရောဂါဖြစ်ပွားသူ တွေ့ရှိနှုန်းအနေဖြင့် ဇူလိုင်လ (၁၁) ရက်တွင် (၈၄)ဦးတွေ့ရှိခဲ့ပြီး ဇူလိုင်လ (၁၀)ရက်တွင် (၁၁၅) ဦး ၊ ဇူလိုင်လ(၉)ရက်တွင် (၆၄)ဦး၊ ဇူလိုင် (၈) ရက်တွင် လူနာသစ် (၆၀)၊ဇူလိုင် (၇) ရက်တွင် ဆေးရုံတက်ရောက် ကုသသူလူနာသစ် (၄၄) ဦး၊ ဇူလိုင် (၆) ရက်တွင် လူနာသစ် (၆၃) ဦး ရှိခဲ့ပြီး ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်မှ ယနေ့အချိန်ထိ (၅၀၀) ကျော်အထိ ရှိလာခြင်း ဖြစ်သည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပြီး ရောဂါ စတင်ဖြစ်ပွားချိန်မှ ဇူလိုင် (၁၁)ရက်အထိ ဆေးရုံဆင်းလူနာစုစုပေါင်း အယောက် (၂၅၀) ဦးရှိကြောင်း သိရသည်။

ဗိုလ်တထောင်မြို့နယ်၊ တာမွေမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်တို့ရှိ ဈေးများတွင်လည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ပြည်သူ့ကျန်းမာရေးဌာနသည် မြို့နယ်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ အကြောင်း ကျန်းမာရေး အသိပညာပေးခြင်း၊ ပိုစတာများ ကပ်၍ အသိပညာပေးခြင်းတို့ကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

လက်ရှိတွင်မူ စာသင်ကျောင်းများ၊ စက်ရုံ၊ အလုပ်ရုံများ၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများ၊ ဘိုးဘွားရိပ်သာများ၊ ပရဟိတဂေဟာများ၊ သင်တန်းကျောင်းများ၊ ဘော်ဒါဆောင်များတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်ဖြစ်ပွားမှုမရှိစေရေးအတွက် အထူးအလေးပေး ဆောင်ရွက်လျက်ရှိ ကြောင်းလည်း ကျန်းမာရေး ဝန်ကြီးဌာနမှ အသိပေးထားသည်။

ထို့ပြင်ဈေးများမှတဆင့်လည်း ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဈေးများတွင် ပတ်ဝန်းကျင်သန့်ရှင်းမှုအား Checklist များအသုံးပြု၍စစ်ဆေးပြီး လိုအပ်ချက်များအား အမြန်ဆုံးဖြည့်ဆည်းပြုပြင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည်သူ့ဆေးရုံကြီးများတွင်လည်း ဝမ်းပျက်ဝမ်းလျှော ရောဂါလူနာများအား လိုအပ်သော ဆေးကုသမှုရရှိစေရေးအတွက် စနစ်တကျ ဆေးကုသမှုပေးလျက်ရှိပြီး ဆေးဝါးများကိုလည်း ပံ့ပိုးပေးခြင်းနှင့် ရောဂါပိုးထိန်းချုပ်ခြင်းလုပ်ငန်းများကို အထူးအလေးပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here