တောင်ကြီးမြို့သို့ စစ်ရှောင်လာသည့် စစ်ဘေးရှောင် ထောင်နှင့်ချီသည့်အတွက် ခိုလှုံရန် နေရာများ အရေးပေါ်အခက်အခဲဖြစ်နေဟု ဆို

0
109

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးနှင့်ကျောက်မဲမြို့မှတဆင့် တောင်ကြီးမြို့သို့ စစ်ရှောင်လာသည့် စစ်ရှောင်ပြည်သူများ ခိုလှုံနေထိုင်ရေးအတွက် အရေးပေါ်အခက်အခဲဖြစ်ပေါ်နေကြောင်း တောင်ကြီးမြို့ စစ်ရှောင်အရေးဆောင်ရွက်ပေးနေသူ တစ်ဦးကပေါ်ပြူလာနယူးစ်ကို ပြောသည်။

လက်ရှိတွင် တောင်ကြီးမြို့ပေါ်ရှိ
နမ့်ခုံးလူမှုကယ်ဆယ်ရေးအသင်းရုံးအပါအဝင် ဝေဠုဝန်ကျောင်းတိုက်၊ ရှမ်းပိဋကတ်ကျောင်းတိုက်နှင့် ရှမ်းစာ‌ပေနှင့် ယဉ်ကျေးမှုရုံးတို့တွင် စိစစ်ပြီးစာရင်းအရ စစ်ရှောင် (၃၀၀)ကျော် ခိုလှုံလျက်ရှိကာ၊ ခိုလှုံရန် နေရာမ‌လောက်ငတော့သည့် စစ်ရှောင်များလည်းရှိနေကြောင်း ၎င်းက ဆို သည်။

“ရောက်လာတာက ထောင်နဲ့ချီရှိနေပြီ။ နေရာကမလုံလောက်တော့ဘူး။ တောင်ကြီးက ဌာနဆိုင်ရာအဆောက်အဉီး ဥပမာ-ဘောလုံးကွင်းလိုနေရာတွေရရင်အဆင်ပြေပါတယ်။ အခုက ဌာနဆိုင်တွေဆီဖုန်းဆက်အကူအညီတောင်းတော့ တင်ပြရဦးမယ်ပြောတာကြောင့် နေရာ ထိုင်ခင်း အခက်အခဲဖြစ်နေရတယ် “ဟု ၎င်းက ဆိုသည်။

တောင်ကြီးမြို့ပေါ်၌ အိမ်အငှားများ၊ ဟိုတယ်များ အားလုံးနီးပါးပြည့်သွားပြီဖြစ်ကာ၊ မြို့တွင်း ယာဉ်ကြောများမှာလည်း စစ်ရှောင်ပြည်သူများ၏ ကားများဖြင့် ပိတ်ဆို့နေရကြောင်း သိရသည်။

ငွေကြေးတတ်နိုင်သည့် စစ်ရှောင်များမှာ အိမ်ငှားနေခြင်း၊ ဟိုတယ်အခန်းငှားနေခြင်းများရှိသော်လည်း ငွေကြေးမတတ်နိုင်သည့်စစ်ရှောင်များအတွက် နေရာထိုင်ခင်း အခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။

“ဒေသအာဏာပိုင်တွေအကူအညီပေးစေချင်ပါတယ်။ စားသောက်ဖို့ကတော့ အလှူရှင်တွေလှူဒါန်းတာနဲ့ချက်ပြုတ်ကျွေးနေတာပေါ့။ လိုနေတာက နေရာထိုင်ခင်းအတွက် လိုအပ်နေပါတယ်”ဟု ၎င်းက ဖြည့်စွက်ဆိုသည်။

ယင်းအပြင် စစ်ရှောင်အရေအတွက်နှင့် ရေချိုးခန်း၊ အိမ်သာများမလုံလောက်ခြင်းကြောင့်လည်း အခက်အခဲများကြုံတွေ့နေရပြီး၊ နောက်ထပ်ရောက်လာမည့် စစ်ရှောင်များအတွက် ခိုလှုံရန်နေရာထိုင်ခင်းလုပ်ဆောင်ပေးရန် အခက်များစွာကြုံနေရကြောင်း သိရသည်။

ပြီးခဲ့သော ဇွန်(၂၅)ရက်က စတင်ဖြစ်ပွားခဲ့သော ရှမ်းပြည်မြောက်ပိုင်း တစ်ကျော့ပြန်တိုက်ပွဲများမှာ ယနေ့အချိန်အထိ (၁၇)ရက်ခန့်ကြာမြင့်နေပြီဖြစ်ကာ စစ်ရှောင်များလည်း ထပ်မံရောက်ရန်ရှိနေ‌သေးကြောင်း သိရသည်။

ဓာတ်ပုံ-CJ (ပေးပို့)


LEAVE A REPLY

Please enter your comment!
Please enter your name here