ဖျာပုံမြို့နယ်မှ ကဏန်းပျော့များ
ရန်ကုန်စျေးကွက်မှတဆင့်တရုတ်သို့သွား

0
256

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်မှ ရန်ကုန်စျေးကွက်သို့ ပြီးခဲ့သည့် ဇွန်လအတွင်း ကဏန်းပျော့ ပိဿာ ချိန် ၈၇၀၀၀ အထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဖျာပုံမြို့နယ်မှ ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူများ ၏ ပြောပြချက်အရ သိရသည်။

ဖျာပုံမြို့နယ်မှ ဒေသထွက်ကဏန်းပျော့များကို ရန်ကုန်စျေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိပြီး မေလအတွင်းက သန့်စင်ပြီး ကဏန်းပျော့ပိဿာချိန် ၅၅၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဇွန်လ (၁) ရက်မှ (၃၀) ရက် အထိ တစ်လတာ ကာလအတွင်း သန့်စင်ပြီးကဏန်း ပျော့ပိဿာချိန် ၈၇၀၀၀ အထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဖျာပုံမြို့နယ်မှထွက်ရှိသည့် ကဏန်းပျော့များကို ရန်ကုန်စျေးကွက်သို့ အဓိကတင်ပို့ရောင်းချလျက်ရှိကြောင်း၊ ပြည်တွင်းစျေးကွက်၌ အရောင်းအဝယ် ပြန်လည်သွက်လာသည့်အတွက် ရန်ကုန်စျေးကွက်သည် အဝယ်လိုက်လာခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်မြို့မှတဆင့် ကဏန်းပျော့များကို ပြည်ပနိုင်ငံများသို့ ပြန်လည်တင်လျက်ရှိရာ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနှင့် စင်ကာပူနိုင်ငံတို့သို့ တင်ပို့ ရောင်းချနေကြောင်း သိရသည်။

အဆိုပါဒေသထွက်ကဏန်းပျော့များ ဝယ်လိုအားကောင်းနေခြင်းကြောင့် မွေးမြူရေးလုပ်ငန်းရှင်များ၊ မွေးမြူရေးလုပ်သားများ၊ ရေထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူများ၊ ကုန်တင်ယာဉ်အငှားလိုက်သူများနှင့် ကုန်တင်ကုန်ချလုပ်သားများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here