ပြည်မြို့ အေးမြသာယာရပ်ကွက်ရှိ နေအိမ်များအတွင်း ရေဝင်၍ ပိတ်မိနေသည့် မိသားစုဝင် အိမ်ထောင်စုများအား ရေလွတ်ရာသို့ ပြောင်းရွှေ့ပေးနေရ

0
133

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း၊ ပြည်မြို့၊ နဝင်းနယ်မြေ၊ အေးမြသာယာရပ်ကွက်တွင် နေအိမ်များအတွင်း ရေဝင်၍ ပိတ်မိနေသည့် မိသားစုဝင် အိမ်ထောင်စုများအား ရေလွတ်ရာသို့ ပြောင်းရွှေ့ပေးနေရကြောင်း ဒေသတွင်းရှိ လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

ပြည်မြို့၊ နဝင်းနယ်မြေ၊ အေးမြသာယာရပ်ကွက် မြေနိမ့်ပိုင်းတွင် ဇူလိုင် (၁၂) ရက်မှ စတင်၍ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် နေအိမ်များအတွင်း ရေဝင်ရောက်နေရာ မိသားစုဝင်များ ပိတ်မိနေကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်) ပရဟိတပါရမီသို့ ဆက်သွယ်အကြောင်းကြားသဖြင့် သွားရောက် ကူညီခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်)မှ အရေးပေါ် လှေ (၂) စီး၊ အဖွဲ့ဝင် (၁၆)ဦး အရေးပေါ် ကား (၂) စီးဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်သွားကာ အိမ်ထောင်စု (၅) စုမှ အမျိုးသား (၄) ဦး၊ အမျိုးသမီး (၇) ဦး၊ ကလေးငယ် (၂) ဦး၊ ခွေး (၁) ကောင်၊ ဆိုင်ကယ် (၂) စီး တို့အား အချိန်နှင့် တပြေးညီ ရှာဖွေ ကယ်ဆယ်၍ ရေလွတ်ရာသို့ ပြောင်းရွှေ့ ကူညီပေးနိုင်ခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် ဧရာဝတီမြစ်ရေမှာ (၄) ပေမှ (၆) ပေခန့် အထိ လက်ရှိရေမှတ်များထက် မြင့်တက်လာနိုင်ကြောင်းလည်း မိုး/ဇလမှ ယမန်နေ့ ဇူလိုင် (၁၂)ရက်က ထုတ်ပြန်ထားချက်အရ သိရသည်။

ဇူလိုင်လ ဒုတိယ (၁၀) ရက်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း တစ်ကြိမ် ဖြစ်ပေါ်နိုင်ကြောင်းလည်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားချက်အရ သိရသည်။

ထို့အပြင် လာမည့် (၃)ရက်အတွင်း မြန်မာတစ်နိုင်ငံလုံး နေရာအနှံ့အပြား မုတ်သုံမိုးရွာသွန်းနိုင်ခြေ ရှိနေသောကြောင့် မြစ်ရေများ အောက်ဘက်ဆင်းလာချိန်၊ လေဖိအားနည်းရပ်ဝန်း၊ မုန်တိုင်းများ ဖြစ်လာနိုင်ချိန်နှင့် ဒီရေတက်ချိန် တိုက်ဆိုင်သွားနိုင်ကြောင်း မိုး‌လေဝသ လေ့လာစောင့်ကြည့်သူ ဦးဝင်းနိုင်က ပြောဆိုထားသည်။

ထို့ကြောင့် ချင်းတွင်း၊ ဧရာဝတီ၊ စစ်တောင်း၊ သံလွင်မြစ်ကြီးများ တလျှောက် မြစ်ရေနှင့် ပတ်သက် ဆက်စပ်သည့် သဘာဝဘေးများ ဖြစ်လာနိုင်ချေကို သတိရှိကြရန် ၎င်းက အသိပေးပြောဆိုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here