တိုက်ပွဲများကြောင့် မန္တလေး – မြစ်ကြီးနားကားလမ်း ရက်အကန့်အသတ်မရှိ ယာယီသွားလာခွင့်ပိတ်

0
197

မန္တလေး – မြစ်ကြီးနား ကားလမ်းအား ယမန်နေ့ ဇူလိုင် (၁၂) ရက်တွင် ရက်အကန့်အသတ်မရှိ ယာယီသွားလာခွင့် ပိတ်ထားကြောင်း မန္တလေးမြို့ အဝေးပြေးယာဉ်လိုင်းတစ်ခုရှိ ဂိတ်တာဝန်ခံတစ်ဦးက ပြောသည်။

“ပိတ်ထားပါတယ်။ ပြန်ဖွင့်ရင်တော့ သွားမယ်ခရီးသွားတွေကို ဆက်သွယ်ပြီး ပြောပါ့မယ်။ ကျွန်တော်တို့ သိသလောက်ကတော့ ပိတ်ထားတာ (၂)ရက်လောက်ရှိနေပြီ။ တိုက်ပွဲဖြစ်နေလို့ ပိတ်တယ်လို့လည်း ကြားရတာဘဲ”ဟု ၎င်းက ပြောသည်။

ယင်းလမ်းပိုင်း ပိတ်ထားရခြင်းမှာ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် မန္တလေးအဝင်ဂိတ်၊ မဲဇာဂိတ်နှင့် ကျောက်တန်းကျေးရွာဂိတ်တို့တွင်ပိတ်ထားခြင်းဖြစ်သည်ဟု ဒေသတွင်း သတင်းရင်းမြစ်များက ဆိုသည်။

အဆိုပါ နေရာများတွင် ပိတ်မိနေသည့်ကားအစီးရေ ရာနှင့်ချီရှိနေပြီး၊ လမ်းပိုင်းအတွင်း ရပ်တန့်ထားသော ယာဉ်များကို တိုက်ပွဲဖြစ်ချိန် ပိတ်ထားပြီး၊ ငြိမ်သက်ချိန်တွင် အစီးရေအကန့်အသတ်ဖြင့် သွားခွင့်ပြုနေသည်ဟု လမ်းပိုင်းတွင်ကြုံတွေ့ခဲ့သည့် ယာဉ်မောင်းတစ်ဦးက ဆိုသည်။

” ပိတ်ချင်ရင်လည်း တိုက်ပွဲမဖြစ်ဘဲ ပိတ်ထားတာမျိုးလည်းရှိတယ်။ ဖွင့်ပေးတာလည်းရှိတယ်။ အန္တရယ်ဖြစ်မှာဆိုးလို့ အကန့်အသတ်နဲ့ ဖွင့်ပေးတာမျိုးဖြစ်မယ်ထင်တာဘဲ။ ကျွန်တော် သွားတုန်းကတော့ အဲလိုပေါ့”ဟု ၎င်းက ရှင်းပြသည်။

ထိုသို့ လမ်းပိုင်းပိတ်နေခြင်းကြောင့် မန္တလေးဘက်မှ မြစ်ကြီးနားသို့ တက်မည့် ခရီးသွားများနှင့် မြစ်ကြီးနားဘက်မှ မန္တလေးဘက်သို့ ဆင်းမည့် ခရီးသွားများအတွက်လည်း လက်မှတ်ရောင်းချခြင်းကို ရပ်နားထားရကြောင်း မန္တလေးမြို့ အဝေးပြေးယာဉ်လိုင်းများထံက သိရသည်။

ယခုနှစ် ဖေဖော်လအတွင်းကလည်းဒေသတွင်းတိုက်ပွဲများကြောင့် တစ်ပတ်ကြာပိတ်ထားခဲ့သည့် မန္တလေး – မြစ်ကြီးနား လမ်းပိုင်းကို ပြန်လည်ဖြတ်သန်းသွားလာခွင့်ပြုခဲ့ပြီး၊ ယင်းလမ်းပိုင်းအတွင်း တိုက်ပွဲအခြေအနေအပေါ်မူတည်၍ ရံဖန်ရံခါ ယာယီပိတ်ခြင်းမျိုးလည်း ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here