မကွေး၊ ကံမ၊ မင်းလှ၊ ရေနံချောင်းမြို့နယ်တို့ရှိ ကျေးရွာ၊ ရပ်ကွက်အချို့တွင် မြစ်ရေ မြင့်တက်ဝင်ရောက်နေသည့်အတွက် ရေဘေးသင့်ပြည်သူများအား ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့နေရာချထားပေးနေရ

0
88

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ကံမမြို့နယ်၊ မင်းလှမြို့နယ်၊ ရေနံချောင်းမြို့နယ်တို့ရှိ ကျေးရွာ၊ ရပ်ကွက်အချို့တို့တွင် ဇူလိုင် (၁၃)ရက်က ဧရာဝတီမြစ်ရေ မြင့်တက်ဝင်ရောက်လျက်ရှိရာ ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့နေရာချထားရေးလုပ်ငန်းများ လုပ်ဆောင်ပေးလျက်ရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

ယနေ့ ဇူလိုင် (၁၃)ရက်၊ နံနက် (၉)နာရီအချိန်က မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်တွင် မြစ်ရေမြင့်တက် ဝင်ရောက်လျက်ရှိသော အမှတ်(၁)၊ (၂)၊ (၃)၊ (၄)ရပ်ကွက်များနှင့် ဂျွန်းတောင်ကျေးရွာရှိ နေအိမ်များအား ကံမမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့နေရာချထားရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇူလိုင် (၁၃)ရက်၊ နံနက် (၁၁)နာရီ (၃၅)မိနစ်အချိန်ခန့်ကလည်း မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်ရာ ပေတောကျေးရွာ မြေနိမ့်ပိုင်းရှိ နေအိမ်များအတွင်း ရေဝင်ရောက်မှုဖြစ်ပွားကြောင်း သတင်းအရ မင်းလှမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်း၍ ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့နေရာချထားရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရသည်။

ဇူလိုင် (၁၃)ရက်၊ နံနက် (၉)နာရီအချိန်က မကွေးမြို့နယ်၊ အုတ်ဖိုရပ်ကွက်တွင်လည်း ဧရာဝတီမြစ်ရေ မြင့်တက်ဝင်ရောက်လာ၍ မကွေးမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ ရေလွတ်ရာသို့ ပြောင်းရွှေ့နေရာချထားပေးနေရကြောင်း သိရသည်။

နံနက် (၈)နာရီအချိန်ကလည်း မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ညောင်လှေဆိပ်ကမ်းအနီးရှိ နေအိမ်များသို့ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ရောက်လျက်ရှိသော နေအိမ်များရှိ အသုံးအဆောင်ပစ္စည်းများအား ရေနံချောင်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ ပြောင်းရွှေ့နေရာချထားပေးနေရကြောင်း သိရသည်။

မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ၌ ဇူလိုင်လ ဒုတိယ (၁၀) ရက်ပတ်အတွင်း ဧရာဝတီမြစ်ရေ မြင့်တက်နိုင်ကြောင်းနှင့် မန္တလေး၊ စစ်ကိုင်း၊ ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်းဘူးနှင့် မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ င်္ဟသာတနှင့် ဇလွန်မြို့များတွင် လက်ရှိရေမှတ်များထက် မြင့်တက်လာနိုင်ကြောင်း မိုး/ဇလမှလည်း ယမန်နေ့ ဇူလိုင် (၁၂)ရက်က အသိပေး ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here