လွိုင်ကော်တက္ကသိုလ်၊ ပြည်နယ်အစိုးရအဖွဲ့ဧည့်ရိပ်သာ၊ အမျိုးသားယဉ်ကျေးမှုပြတိုက်နှင့် လွိုင်ကော်လေဆိပ်တို့ကို အမြန်ဆုံးဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေ

0
105

ဒေသတွင်း ပဋိပက္ခများအတွင်း ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လွိုင်ကော်တက္ကသိုလ်၊ ပြည်နယ်အစိုးရအဖွဲ့ဧည့်ရိပ်သာ၊ အမျိုးသားယဉ်ကျေးမှုပြတိုက်နှင့် လွိုင်ကော်လေဆိပ်တို့ကို အမြန်ဆုံးဖွင့်လှစ်နိုင်ရေး ဒေသအာဏာပိုင်များက ပြင်ဆင်ဆောင်ရွက်နေသည်ဟု သိရသည်။

လွိုင်ကော်တက္ကသိုလ် အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်လည်း တပ်မတော်သားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများမှ လွိုင်ကော်တက္ကသိုလ်ဝန်းအတွင်း စုပေါင်းသန့်ရှင်းသာယာလှပရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသလို လွိုင်ကော်တက္ကသိုလ်ဝန်းအတွင်း လက်ရှိဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့် လိုအပ်ချက်များကိုလည်း ဒေသအာဏာပိုင်များက ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်ဟု သိရသည်။

ထို့ပြင် ဒေသအာဏာပိုင်များသည် ကယားပြည်နယ်အစိုးရ အဖွဲ့ (၅)ထပ် ဧည့်ရိပ်သာသို့ သွားရောက်၍ ပျက်ဆီးခဲ့သည့် နိုင်ငံပိုင်ပရိဘောဂပစ္စည်းများနှင့် ဧည့်ရိပ်သာအား စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပေးနေသည့် တပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများအား အားပေးစကားပြောကြားကာ ပျက်ဆီးဆုံးရှုံးခဲ့ရမှုများ စနစ်တကျမှတ်တမ်းတင်ခြင်း၊ ဆယ်တင်ပစ္စည်းများပြန်လည်စိစစ်ခြင်းနှင့် ဧည့်ရိပ်သာအား အမြန်ဆုံးပြုပြင်ဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ထို့နည်းတူ ကယားပြည်နယ် အမျိုးသားယဉ်ကျေးမှုပြတိုက်သို့ သွားရောက်ခဲ့ပြီး ‌ ပြတိုက်အတွင်းရှိ ဖျက်စီးခံခဲ့ရသော ရှေးဟောင်းအမွေအနှစ်များ၊ ကယားမျိုးနွယ်စုပြခန်း၊ ရိုးရာအသုံးအဆောင်ပြခန်း၊ ရိုးရာတူရိယာပြခန်း၊ ကယားပြည်နယ် သမိုင်းဝင်မှတ်တမ်းနှင့် စော်ဘွားပြခန်းတို့အား အာဏာပိုင်များက ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အမြန်ဆုံးပြုပြင်ဆောင်ရွက်နိုင်ရေး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကယားပြည်နယ်၌ ပျက်စီးဆုံးရှုံးသွားသောနေရာများကို ပြန်လည်တည်ထောင်ရေးလုပ်ငန်းများဆောင်ရွက်နေကာ လျှပ်စစ်မီးပြန်လည်ရရှိရေးအပါအဝင် အခြေခံလိုအပ်ချက်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here