ရေတိုက်စားမှုကြောင့် ပျက်ဆီးသွားသည့် ဖားကန့် နန့်မားယံ တံတား ပြန်လည်ပြင်ဆင်၊ ဒေသတွင်းသွားလာရေး အခက်ကြုံ

0
112

ရေတိုက်စားမှုကြောင့် ပျက်ဆီးသွားသည့် ဖားကန့် မြို့နယ်၊ လုံးခင်းအုပ်စု အောင်ရာကျေးရွာနှင့် ဆန်ခါအုပ်စု ဆိုင်းရာရွာသစ်အား ဖောက်လုပ်ထားသော နန့်မားယံ တံတားပြန် လည်ပြင်ဆင်နေပြီး လက်ရှိတွင် ဒေသတွင်းသွားလာမှုများအခက်ကြုံနေရကြောင်း လုံးခင်းဒေသခံတစ်ဦးက ပြောသည်။

ယခုလ ဇူလိုင်(၅)ရက်က ဥရုချောင်းရေမြင့်တက်ခဲ့မှုကြောင့် တံတားတစ်ဖက်ရှိ မြေသားများ ရေတိုက်စားမှုနှင့်အတူ မျောပါသွားရာမှ ဖြတ်သန်းသွားလာရန် အခက်ကြုံနေကြခြင်းဖြစ်သည်။

ယင်းအတွက် ဥရုချောင်းတစ်ဖက် ဆိုင်းရာရွာသစ်ဘက်မှ အောင်ရာရွာသို့ လာရောက်ကြသည့် ကျောင်းသားကျောင်းသူများ ၊ ဈေးရောင်းဈေးဝယ်များ သွားလာရေးအခက်ကြုံနေရခြင်းဖြစ်သည်။

“အရင် နမ့်မားယံတံတားကောင်းနေတုန်းကတော့ ဆိုင်ကယ်တွေကားတွေနဲ့ သွားကြတာပေါ့။ အခုတံတားက ရေတိုက်စားတာကြောင့် ပျက်ဆီးနေတော့ တံတားပေါ်က မသွားရဲကြဘူး။ အဲဒီတော့စက်လှေနဲ့ကူးကြရတော့ အန္တရာယ်များတယ်။ အခု ပြုပြင်နေပါပြီ”ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ တံတားသည် လုံးခင်းကျေးရွာအုပ်စုအထက်ဘက်ရှိ ကံဆီးကျေးရွာသို့ ဆက်စပ်နေသည့်လမ်းပိုင်းတံတားတစ်ခုဖြစ်ပြီး၊ ပြန်လည်ပြုပြင်ပြီးပါကဒေသခံများ သွားလာရေး အဆင်ပြေနိုင်မည်ဖြစ်ကာ၊ ရက်သတ္တပတ်အတွင်း အပြီးဆောင်ရွက်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။

ဓာတ်ပုံ-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here