ရန်ကုန်မြို့ တိုက်ခန်း အရောင်းဝယ် ဈေးကွက်အတွင်း အရောင်းသာရှိပြီး အဝယ်မလိုက်ဖြစ်နေ

0
999

ရန်ကုန်မြို့ တိုက်ခန်း အရောင်းဝယ် ဈေးကွက်အတွင်း ဈေးနှုန်းများ မြင့်တက်နေပြီး အရောင်းသာရှိ၍ အဝယ်မလိုက်ဖြစ်နေကြောင်း ရန်ကုန်မြို့ အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

ရန်ကုန်မြို့တွင်း တိုက်ခန်းဝယ်ရောင်း လုပ်ကိုင်သူများ အနေဖြင့် ယခင်က (၂)ခန်း လက်ဝယ်ထားရှိသော်လည်း လက်ရှိတွင် (၁)ခန်းသာ ထားရှိတော့ပြီး ရင်းနှီးမြုပ်နှံရန် စဉ်းစားနေရကြောင်း တိုက်ခန်း အရောင်းဝယ်လုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ဆိုသည်။

“တော်တော်ကြာပြီပေါ့နော်။ တိုက်ခန်း ရောင်းလို့ မထွက်တာ။ အရင်က တိုက်ခန်း နှစ်ခန်းလောက် လက်ထဲထားပြီး ဝယ်ရောင်း လုပ်လို့ အဆင်ပြေတယ်။ ဝယ်ပြီး ပြင်ဆင်လိုက် သိပ်မကြာဘူး။ ရောင်းလို့ထွက်တယ်။ ခုတော့ ဝယ်သူမရှိတော့ဘူး။ အဲဒီတော့ ကိုယ်လည်း အရမ်းကြီး မရင်းနှီးရဲဘူး”ဟု ၎င်းက ဆိုသည်။

အထွေထွေကုန်ဈေးနှုန်းမြင့်တက်နေခြင်းကြောင့် အိမ်ခြံ မြေဝယ်ယူနေထိုင်မှုထက် အငှားနေထိုင်သူများပြားလျက်ရှိပြီး အငှားဈေးကွက်တွင်လည်း ဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း ရန်ကုန်မြို့နေသူ တစ်ဦးက ပြောသည်။

“အိမ်ပိုင်မရှိတော့ ငှားနေရတာပေါ့နော်။ တစ်ခါငှားရင် ၆ လလောက်ပဲ အိမ်ရှင်က ထားချင်တယ်။ အဲဒီကျ အသစ် ထပ်ရှာရတယ်။ ဘာလို့လဲဆိုတော့ ဈေးအမြင့်နဲ့ နောက် အိမ်ငှားက နေဖို့ အဆင်သင့်စောင့်နေတော့ အိမ်ရှင်ကလည်း ငွေပိုရတဲ့သူကို ငှားချင်တာပေါ့နော်။”ဟု ၎င်းက ဆိုသည်။

အိမ်ခြံမြေဈေးကွက်အပြင် ကွန်ဒိုနှင့်အထပ်မြင့် တိုက်ခန်းများသည်လည်း ကြိုပွိုင့်အရောင်း အဝယ်များသာ ဈေးကွက်ကောင်းနေပြီး ဆောက်လုပ်ပြီးသည့် တိုက်ခန်းအိမ်ခန်းများ အရောင်းအဝယ်ပါးနေကြောင်း သိရသည်။

ထိုကဲ့သို့ တိုက်ခန်း အရောင်းဝယ် ဈေးကွက်ပါးနေရာ ရင်းနှီးမြုပ်နှံသူများနှင့် အကျိုးဆောင်များမှလည်း စားဝတ်နေရေးခက်ခဲလာပြီး အခြားအလုပ်အကိုင် အခွင့်လမ်းများကို ပြောင်းလဲလုပ်ကိုင်ရန် စဉ်းစားနေရကြောင်း ၎င်းတို့က ဆိုသည်။

“ဆိုကြပါစို့ အရင်က တစ်လမှာ နှစ်ခန်းလောက်က ပုံမှန် အရောင်းထွက်တယ်ဆို အိမ်ရှင်လည်း အဆင်ပြေတယ်။ ကိုယ်လည်း အဆင်ပြေတယ်။ အခုက အဝယ်မလိုက်တော့ ခက်ခဲလာတယ်။ ဘာဆက်လုပ်ရမလဲဆိုတာ စဉ်းစားနေရတယ်” ဟု တိုက်ခန်း အကျိုးဆောင် လုပ်ကိုင်သူ တစ်ဦးက ဆိုသည်။

အိမ်ခြံမြေဆောက်လုပ်ပြီး ပြန်လည် ရောင်းချသည့် လုပ်ငန်းရှင်များအနေဖြင့်လည်း လက်ရှိ ကာလအတွင်း ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ဈေးနှုန်းမြင့်တက်လာမှုကြောင့် လုပ်ငန်းအချို့ ရပ်နားထားရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here