စစ်ကိုင်း၊ မုံရွာ၊ မော်လိုက်နှင့် ခန္တီးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

0
247

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချင်းတွင်းမြစ်ရေမြင့်တက်ကာ ခန္တီးမြို့နယ်နှင့် မော်လိုက်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများအတွင်း မြစ်ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိရာ ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရေကြီးမှုဖြစ်စဉ်ကြောင့် မြစ်ရေကြီးမှုနှင့်အတူ ပါရှိလာသည့် နှုံး သဲနှင့် အမှိုက်များအား ဖယ်ရှားရှင်းလင်းကာ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး နယ်မြေခံတပ်မတော်သားများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မော်လိုက်မြို့နယ်၊ ညောင်ဝန်းဘုရားကုန်း၊ ညောင်ပင်သာဘုန်းကြီးကျောင်း၊ အားကစားခန်းမဟောင်းတို့ရှိ ရေဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာများနှင့် သောက်ရေသန့်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ရုံးကြီးရပ်ကွက်၊ သလ္လာဝတီဆိပ်တွင်လည်း ဇူလိုင် (၁၁)ရက်က တာဘောင်ရေစိမ့်ဝင်နေကြောင်း သတင်းအရ မုံရွာမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီ:သတ်တပ်ဖွဲ့ဝင်များ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သဲအိတ်များချခြင်းနှင့် သဲဖို့ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

စစ်ကိုင်းမြို့နယ်တွင်လည်း ဇူလိုင် (၁၁)ရက်က ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ပိုးတန်းရပ်ကွက်၊ ပိုးတန်းရေစက်အနီး ကျောက်စီရေထိန်းနံရံများ ရေတိုက်စားမှုကြောင့် ကျိုးပေါက်မှု မဖြစ်စေရေး စစ်ကိုင်းခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သဲအိတ်များဖြင့် ဆည်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံး နေရာအနှံ့အပြား မုတ်သုံမိုးရွာသွန်းနိုင်ခြေ ရှိနေသောကြောင့် မြစ်ရေများ အောက်ဘက်ဆင်းလာချိန်၊ လေဖိအားနည်းရပ်ဝန်း၊ မုန်တိုင်းများ အစီအရီ ဖြစ်လာနိုင်ချိန်နှင့် ဒီရေတက်ချိန် တိုက်ဆိုင်သွားနိုင်ကြောင်း မိုး‌လေဝသ လေ့လာစောင့်ကြည့်သူ ဦးဝင်းနိုင်က ပြောဆိုထားသည်။

ထို့ကြောင့် ချင်းတွင်း၊ ဧရာဝတီ၊ စစ်တောင်း၊ သံလွင်မြစ်ကြီးများ တစ်လျှောက် မြစ်ရေနှင့် ပတ်သက် ဆက်စပ်သည့် သဘာဝဘေးများ ဖြစ်လာနိုင်ချေကို သတိရှိကြရန် ၎င်းက အသိပေးပြောဆိုထားသည်။

မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ၌ ဇူလိုင်လ ဒုတိယ (၁၀) ရက်ပတ်အတွင်း ဧရာဝတီမြစ်ရေ မြင့်တက်နိုင်ကြောင်းနှင့် မန္တလေး၊ စစ်ကိုင်း၊ ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်းဘူးနှင့် မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ င်္ဟသာတနှင့် ဇလွန်မြို့များတွင် လက်ရှိရေမှတ်များထက် မြင့်တက်လာနိုင်ကြောင်း မိုး/ဇလမှလည်း ယမန်နေ့များကပင် ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here